ချယ်လ်ဆီးအသင်းရဲ့ ဂန္တဝင်နောက်ခံကစားသမားတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ အက်စတွန်ဗီလာအသင်းရဲ့ လက်ထောက်နည်းပြတာဝန်ကို ထမ်းဆောင်လို့နေတဲ့ ဂျွန်တယ်ရီကို ဒါဘီကောင်တီအသင်းဘက်ကနေ နည်းပြချုပ်ရာထူးနေရာအတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်ချင်နေပြီး တကယ်လို့ တယ်ရီအနေနဲ့ ဒီကမ်းလှမ်းမှုကို လက်ခံဖြစ်ခဲ့မယ်ဆိုရင် သူရဲ့ချယ်လ်ဆီးအသင်းဖော်ဟောင်းတစ်ယောက်ဖြစ်တဲ့ အက်ရှ်လေကိုးကိုပါ နည်းပြအဖွဲ့ဝင်အဖြစ်နဲ့ပါ ခေါ်ဆောင်ဖွယ်ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Sky Sports

ချန်ပီယံရှစ်မှာ ရလဒ်တွေ ဆိုးရွှားလွန်းနေတဲ့ ဒါဘီအသင်းဟာ လက်ရှိမှာ သူတို့ရဲ့နည်းပြကိုကူးကို ရာထူးကနေ ထုတ်ပယ်ထားပြီး အသင်းရဲ့ ကစားသမား-နည်းပြတာဝန်ကို ဆောင်ရွှက်နေတဲ့ ဝိန်းရွန်းနီကို ယာယီနည်းပြအဖြစ် ခန့်အပ်လို့ထားပါတယ်။ ရွန်းနီအနေနဲ့ ဒါဘီကို ပွဲအနည်းငယ်ခန့်သာ ကိုင်တွယ်နေရသေးပေမယ့် ဒါဘီအသင်းတာဝန်ရှိသူတွေက အသင်းရဲ့အမြဲတမ်းနည်းပြအဖြစ် ရွန်းနီအစား ဗီလာမှာ နည်းပြဒင်းစမစ်ရဲ့လက်ထောက်အဖြစ် တာဝန်ယူနေတဲ့ တယ်ရီကိုပဲ ပြောင်းလဲခန့်အပ်ချင်နေတာဖြစ်ပြီး တယ်ရီကလည်း သူ့ဆီရောက်လာမယ့် အခွင့်အရေးတစ်ခုကို လက်ခံသွားဖွယ် ရှိနေပါတယ်။

Photo Credit : Daily Mirror

ဒါ့အပြင် တယ်ရီနဲ့ ချယ်လ်ဆီးအသင်းမှာ တွဲဖက်ကစားခဲ့ဖူးပြီး ဒါဘီမှာလည်း နည်းပြဘဝကို စတင်ခဲ့တဲ့ လက်ရှိချယ်လ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်ကိုယ်တိုင်ကပါ တယ်ရီဟာ ဒါဘီကောင်တီနည်းပြရာထူးနဲ့ တကယ်ထိုက်တန်တဲ့သူလို့ ထောက်ခံသွားခဲ့ပြီး တယ်ရီကိုလည်း ဒီကမ်းလှမ်းကို လက်ခံသင့်တယ်လို့ တိုက်တွန်းပြောဆိုထားပါတယ်။ Daily Mirror သတင်းမီဒီယာရဲ့ ဖော်ပြချက်အရ တယ်ရီအနေနဲ့ ဒါဘီအသင်းနည်းပြရာထူးကို လက်ခံဖြစ်မယ်ဆိုရင် သူရဲ့အသင်းဖော်ဟောင်းလည်းဖြစ်ပြီး ကစားသမားဘဝကို အဆုံးမသတ်ခင်မှာ ဒါဘီအသင်းမှာ ပါဝင်ကစားခဲ့ဖူးတဲ့ အင်္ဂလန်ဘယ်နောက်ခံကစားသမားဟောင်း အက်ရှ်လေကိုးကို သူရဲ့နည်းပြအဖွဲ့ဝင်အဖြစ် ခေါ်ဆောင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အမ်ကေဒွန်းအသင်းမှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူဆောင်ရွှက်နေတဲ့ လုခ်ဝီလီယံစ်ကိုလည်း တယ်ရီက သူရဲ့လက်ထောက်နည်းပြအဖြစ် ခန့်အပ်သွားဖို့ လျာထားတယ်လို့လည်း သိရပါတယ်။ ဒါဘီကောင်တီအသင်းဟာ လက်ရှိမှာတော့ ချန်ပီယံရှစ် (၁၅)ပွဲကစားထားပြီး နိုင်ပွဲက (၁)ပွဲသာ ရထားသေးသလို ရှုံးပွဲ(၉)ပွဲ သရေပဲ(၅)ပွဲနဲ့ ရမှတ်(၈)မှတ်သာ ရယူထားကာ အမှတ်ပေးဇယားရဲ့ အောက်ဆုံးကို ရောက်ရှိလို့နေပါတယ်။