ပရီးမီးယားလိဂ် အင်အားကြီး အသင်းဖြစ်တဲ့ လီဗာပူး အသင်းရဲ့ နောက်ခံလူ ဂျိုးလ် မာတစ် အနေနဲ့ တော့တင်ဟန် ဟော့စပါး အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပွဲထွက်ခွင့် ရရှိခဲ့ပေမယ့်လည်း ဒဏ်ရာပြဿနာ ရရှိခဲ့တာကြောင့် ဒုတိယပိုင်းအရောက်မှာ ဆက်လက် မကစားနိုင်တော့ပဲ အသင်းဖော် နောက်ခံ ကစားသမားဖြစ်သူ နသန်နီးရယ်လ် ဖီးလစ်ပ် နဲ့ လူစားလဲခဲ့ရပါတယ်။ လီဗာပူး နည်းပြ ဖြစ်သူ ဂျာဂျန် ကလော့ပ် ကတော့ ပွဲအပြီး အင်တာဗျုးမှာ ဂျိုးလ်မာတစ် တစ်ယောက် ရရှိခဲ့တဲ့ ဒဏ်ရာဟာ ကြီးမားတဲ့ ပြဿနာတစ်ခု ဖြစ်ကြောင်း ဝန်ခံပြောဆိုသွားခဲ့ပြီးတော့ ကာလရှည် အနားယူသွားရတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit: Mirror

လီဗာပူး အသင်းအနေနဲ့ ဒီရာသီမှာ အဓိက ခံစစ် ကစားသမားတွေ ဖြစ်ကြတဲ့ ‌ဗာဂျယ်ဗန်ဒိုက် နဲ့ ဂျိုးလ် ဂိုးမက်ဇ် တို့ကို လက်လွှတ်ထားရသလို၊ ဖာဘင်ဟိုကလည်း စပါး အသင်းနဲ့ ပွဲစဉ်မှာ အသေးစားကြွက်သား ဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ကလော့ပ် ရဲ့ လီဗာပူး အသင်းအနေနဲ့ နောက်တန်း လေးယောက်နေရာမှာ အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်နဲ့ နတ် ဖီးလ်စ်ပ်တို့နဲ့ သာ အဆုံးသတ်ခဲ့ရပါတယ်။ ပွဲအပြီးမှာ မာတစ် ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး ကလော့ပ် ကို မေးတဲ့အခါမှာတော့ ခြေချင်းဝတ် အရွတ်ဒဏ်ရာ ရခဲ့တာ ဖြစ်ကြောင်း နဲ့ ဒဏ်ရာက ပြင်းထန်ကြောင်း ပြောကြားခဲ့ပါတယ်။ “ တစ်ခုတည်းသော ပြဿနာက မာတစ် ဒဏ်ရာရခဲ့တာပါ၊ အဲ့ဒါက အတော်လေး ကြီးမားတဲ့ ပြဿနာပါပဲ ” လို့ ဆိုခဲ့ပါတယ်။

Photo Credit: Mirror

ထို့အတွက်ကြောင့် လီဗာပူး အသင်းအနေနဲ့ အပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းမယ့်ရက်ဖြစ်တဲ့ တနင်္လာနေ့ မတိုင်ခင် ခံစစ် ကစားသမားသစ် တစ်ဦးခေါ်ယူဖို့အတွက် ပြန်လည် စဉ်းစားသွားရဖို့‌ကတော့ သေချာသလောက် ရှိနေပါတယ်။ “ ကျွန်တော်တို့ အရာအားလုံးကို စဉ်းစားပြီးတော့ မှန်ကန်တဲ့ အရာကို လုပ်ဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်က ဇီဇာကြောင်တဲ့ လူတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် မှန်ကန်တဲ့ ကစားသမားကို ရှာဖွေနိုင်ဖို့တော့ လိုပါတယ်။ ကျွန်တော်တို့မှာ ကစားသမားတွေ အများကြီး ကျန်ပါသေးတယ်၊ ဒါပေမယ့် ခံစစ်ပိုင်းမှာ ဖြစ်နေတာတွေက လုံးဝ မယုံနိုင်ချင်စရာပါပဲ ” လို့ အလား အလာရှိနေတဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီးပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြီး ဖာဘင်ဟို ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး “ တကယ်တမ်းတော့၊ အဲ့ဒါက ဘာမှတော့ သိပ်မဟုတ်ပါဘူး၊ ဖာဘင်ဟိုက တစ်ခုခု ခံစားမိခဲ့တယ်၊ အဲ့ဒါကြောင့် ကျွန်တော်တို့က သူ့ကို ခန အနားပေးထားတာပါ။ အဲ့ဒါက စိန်ခေါ်မှုလည်း မဟုတ်ပါဘူး၊ အဲ့ဒါက တင်းမာတဲ့ အခြေအနေလည်း မဟုတ်ပါဘူး၊ အဲ့ဒါက အဖြစ်အပျက်တွေ ဘယ်လို ဖြစ်တတ်တယ်ဆိုတာပါပဲ ” လို့ပြောဆိုခဲ့ပါတယ်။