မနက်ဖြန်ည Super Sunday မှာ ကျင်းပသွားရမယ့် စပါးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါးအသင်းရဲ့ နံပါတ်တစ်ဂိုးသမားဖြစ်သူ ဟူဂိုလိုရစ်က အဖျားရောဂါဝေဒနာရှိနေတဲ့အတွက် ပါဝင်ကစားနိုင်ဖို့ မရေမရာ ဖြစ်လို့နေရတာကြောင့် လိုရစ်အစား အရန်ဂိုးသမားဖြစ်တဲ့ ဂျိုးဟတ်ကို အသုံးပြုရဖွယ်ရှိပြီး ဂျိုးဟတ်ရဲ့ မတည်ငြိမ်တဲ့ လက်စွမ်းတွေကြောင့် သူပါဝင်လာမှာကို စပါးအသင်းပရိသတ်တွေက အတော်လေး စိုးရိမ်လျက်ရှိလို့နေပါတယ်။

Photo Credit : Lancs Live

အသက်(၃၃)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင်ဟောင်း ဂိုးသမားဂျိုးဟတ်ဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာပဲ စပါးအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ စပါးအသင်းအတွက် ယူရိုပါလိဂ်ပွဲစဉ်တွေမှာ ပါဝင်ကစားထားခဲ့ပါတယ်။ မန်စီးတီးဂိုးသမားဟောင်းလိုရစ်ဟာ စပါးအတွက် ယူရိုပါလိဂ်ပွဲစဉ်(၄) ပါဝင်ကစားထားပြီး (၂)ပွဲကို Clean Sheets ရအောင် စွမ်းဆောင်ထားနိုင်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကစားသွားခဲ့တဲ့ LASK အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာတော့ သူရဲ့လက်စွမ်းပိုင်း အားနည်းချက်တွေကြောင့် အိမ်ရှင် LASK အသင်းရဲ့ သွင်းဂိုးတွေကို အလွယ်တကူနဲ့ ခွင့်ပြုပေးခဲ့ရပါတယ်။

Photo Credit : Valioliiga

ဒီလို စွမ်းဆောင်ရည်ပိုင်းတွေ ကျဆင်းလို့နေတဲ့ ဂျိုးဟတ်ဟာ အခုတော့ သူရဲ့စပါးကစားသမားဘဝ ပထမဆုံးသော ပရီးမီးယားလိဂ်ပွဲစဉ်ကို ပါဝင်ဆင်နွဲရဖို့ အခွင့်အရေးရှိလာခဲ့ပြီဖြစ်ပြီး အသင်းရဲ့အဓိကဂိုးသမားလိုရစ်က အဖျားဝေဒနာကြောင့် အာဆင်နယ်နဲ့ပွဲကို ပါဝင်နိုင်ဖို့ မသေချာနိုင်တာကြောင့် လိုရစ်အစား ဂျိုးဟတ်ပါဝင်ကစားရဖွယ် ရှိနေပါတယ်။ ဂျိုးဟတ်ဟာ မန်စီးတီးအသင်းနဲ့အတူ သူရဲ့အအောင်မြင်ဆုံးအချိန်တွေကို ဖြတ်သန်းခဲ့ရဖူးပြီး အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နံပါတ်တစ်ဂိုးသမားအဖြစ်နဲ့လည်း သတ်မှတ်ခံခဲ့ရပေမယ့် လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ် ဒီဇင်ဘာလနောက်ပိုင်းကတည်းက ပရီးမီးယားလိဂ်မှာ ပါဝင်ကစားရခြင်းမရှိခဲ့တာဟာ အခုလက်ရှိအချိန်ထိ ဖြစ်နေတာကြောင့် လန်ဒန်ဒါဘီပွဲစဉ်မှာ သူ့အတွက် အခွင့်အရေး ပြန်ရလာမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ဒါပေမယ့် LASK အသင်းနဲ့ပွဲအတွင်း သူရဲ့ဂိုးဖမ်းပုံ မသေသပ်မှုတွေကြောင့်တော့ စပါးပရိသတ်တွေက အခုလို အရေးကြီးတဲ့ ဒါဘီပွဲစဉ်အတွင်းမှာ ဂျိုးဟတ်ကို မပါဝင်လာစေချင်ပဲ လိုရစ်ကိုသာ ဆက်လက်အသုံးပြုစေချင်နေပါတယ်။ ဒါပေမယ့် ဒီပွဲစဉ်မှာတော့ အသင်းခေါင်းဆောင် ဟယ်ရီကိန်းကတော့ ပါဝင်ကစားလာနိုင်တယ်လို့ မော်ရင်ဟိုက ပြောဆိုထားခဲ့ပြီး ဘယ်နောက်ခံလူ ရယ်ဂီလွန်ကတော့ ပါဝင်ကစားဖို့ မရေမရာ ဖြစ်လို့နေပါသေးတယ်။