မန်စီးတီးအသင်းမှာ အီဒါဆန် ဘရာဗိုတို့လို ဂိုးသမားကောင်းတွေ မရောက်ရှိလာစဉ်တုန်းက အသင်းရဲ့ ဂိုးပေါက်ကို တာဝန်ယူခဲ့ရသူက အင်္ဂလန်လက်ရွေးစင်ဟောင်း ဂိုးသမားဂျိုးဟတ်ပဲဖြစ်ပါတယ်။ အခုတော့ ဂျိုးဟတ်မှာ မန်စီးတီးအသင်းမှာ သူ့အတွက် နေရာမရှိတော့လို့ ဘန်လေအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ သွားရောက်ကစားနေရပေမယ့် ဘန်လေအသင်းမှာလည်း နစ်ပုဒ်ရဲ့ နောက် ဒုတိယဦးစားပေးအဖြစ်သာ ပါဝင်ကစားနေရပါတယ်။ အရင်က အင်္ဂလန်နဲ့ မန်စီးတီးအသင်းတို့ရဲ့ ဂိုးပေါက်မှာ ဂိုးပေါက်ကာကွယ်မှုကောင်းတွေ လုပ်ဆောင်ပေးနိုင်ခဲ့တဲ့ ဂျိုးဟတ်ဟာ အခုဆိုရင် အမေ့ခံကစားသမားတစ်ယောက်တောင် ဖြစ်လို့နေရပါတယ်။

အသက်(၃၃)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ အင်္ဂလန်ဂိုးသမား ဂျိုးဟတ်ဟာ ပရီးမီးယားလိဂ်ရဲဲ့ ရွှေလက်အိပ်ဆုကို (၄)ကြိမ်တိုင်တိုင်အထိ ဆွတ်ခူးနိုင်ခဲ့တဲ့ ဂိုးသမားကောင်းတစ်ယောက်ဖြစ်ပေမယ့် မန်စီးတီးအသင်းကို နည်းပြဂွာဒီယိုလာရောက်လာချိန်မှာ အသင်းဆီ ချီလီဂိုးသမား ဘရာဗိုကို ခေါ်ဆောင်ခဲ့လို့ အသင်းမှာ နေရာပျောက်ခဲ့ရသလို အသင်းဆီ အီဒါဆန်ကပါ ထပ်ရောက်လာခဲ့လို့ မန်စီးတီးမှာ ဂျိုးဟတ်ရဲ့ အနာဂတ်က ပျောက်ဆုံးခဲဲ့ရတာဖြစ်ပါတယ်။ ဒီလို အသင်းမှာ နေရာပျောက်ခဲ့တဲ့ ဂျိုးဟတ်ဟာ တိုရီနိုနဲ့ ဝက်စ်ဟမ်းအသင်းတွေမှာ အငှားနဲ့ သွားရောက်ကစားခဲ့လို့ အဲ့ဒီကတစ်ဆင့် ဘန်လေအသင်းဆီ အပြီးသတ်ပြောင်းရွှေ့ခဲ့ပါတယ်။

သူရဲ့ ကျရှံးမှုအကြောင်းတွေနဲ့ပတ်သက်ပြီး BBC One ရုပ်သံမီဒီယာနဲ့ အင်တာဗျူးအစီအစဉ်အတွင်းမှာ ဂျိုးဟတ်က “ဒါက သနားစရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုလိုဆိုပေမယ့် ဒါတွေအားလုံးက အမှန်တရားတွေပါပဲ။ ပွဲထွက်ကစားရခြင်းလည်း မရှိတော့ဘူး။ ဘယ်သူမှလည်း အလိုမရှိကြတော့ဘူး။ ဒါတွေက မန်စီးတီးအသင်းဆီကို နည်းပြသစ်ရောက်လာချိန်မှာ စတင်ဖြစ်ပေါ်လာတာပါပဲ။ သူကလည်း ကမ္ဘာပေါ်မှာ အကောင်းဆုံးနည်းပြတစ်ယောက်ပဲလေ။ သူက ကျွန်တော်ကို အလိုမရှိခဲ့ဘူး။ သဘောလည်းမကျဘူး။ သူက ဘယ်လိုလဲဆိုတော့ သူ့စိတ်ကြိုက်မဖြစ်ဘူးဆိုရင် လူစာရင်းကနေ ချန်လှပ်ဖို့ ဝန်မလေးတဲ့ပုံမျိုးပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဂျိုးဟတ်ဟာ လက်ရှိ ဘန်လေအသင်းမှာ ရုန်းကန်နေရတာကိုလည်း ကံဆိုးမိုးမှောင်ကျနေတယ်လို့ မယူဆပဲ စိန်ခေါ်မှုလို့ပဲ မှတ်ယူထားပြီး ဆက်လက်ကြိုးစားနေဦးမယ်လို့ ပြန်လည်ပြောဆိုလာခဲ့ပါတယ်။