တချိန်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တောင်ပံတိုက်စစ် ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံခဲ့ရသလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဂျိုကိုးလ် ကတော့ ဝက်စ်ဟမ်းကြယ်ပွင့် ဒီကလန်ရိုက်စ် အနေနဲ့ အသင်းပြောင်းဖို့ စဉ်းစားမယ် ဆိုရင် မန်ချက်စတာ ယူနိုက်တက်ထက် တခြားအသင်းတွေဆီသာ ပြောင်းရွှေ့သင့်ကြောင်း တိုက်တွန်း အကြံပေးလိုက်ပါတယ်။

အသက် ၂၃နှစ် အရွယ် ဝက်စ်ဟမ်း အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်ဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမား တဦး အဖြစ် သတ်မှတ်ခံထားရပြီး သူ့ကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ်ရဲ့ အသင်းကြီး သုံးသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီး ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့က စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Express

အဆိုပါအသင်း ၃သင်း အနက် မန်ချက်စတာ ယူနိုက်တက်ဟာ ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံး အသင်းတသင်း ဖြစ်သလို ဒီကလန်ရိုက်စ်ကလည်း ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၁-၀ ဝက်စ်ဟမ်း ပွဲစဉ်အပြီးမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အိုးထရက်ဖို့ဒ်ကွင်းဟာ သူ ကစားချင်ဆုံး ကွင်းတွေထဲက တခုဖြစ်ကြောင်း ပြောကြားရင်း မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ဖွယ် ရှိကြောင်း အရိပ်အမြွက် ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

ဒါကြောင့်ပဲ ဒီကလန်ရိုက်စ် အနေနဲ့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ဖွယ် ရှိကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပြီး ချယ်လ်ဆီးနဲ့ လီဗာပူး ကစားသမားဟောင်း ဂျိုကိုးလ် ကတော့ ဒီကလန်ရိုက်စ် အနေနဲ့ ဆုဖလားတွေ ရရှိဖို့ ခက်ခဲနေတဲ့ မန်ချက်စတာ ယူနိုက်တက်ကို မရွေးချယ်သင့်ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Express

ဂျိုကိုးလ်က – “ကျွန်တော်သာ ဒီကလန်ရိုက်စ် ဆိုရင် မန်ချက်စတာ ယူနိုက်တက်ဆီ မသွားပါဘူး။ တကယ် ပြောတာပါ။ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းတာက သူ့အတွက် ကောင်းမွန်တဲ့ ရွေးချယ်မှု တခု မဟုတ်ပါဘူး။ မန်ချက်စတာ ယူနိုက်တက်က ဖလားတွေ မရတာ အတော်လေး ကြာပြီလေ။ တကယ်လို့ မန်ချက်စတာ စီးတီးကသာ သူ့ကို ခေါ်ဖို့ ကမ်းလှမ်းလာခဲ့ရင် သူက မန်ချက်စတာ စီးတီးကိုပဲ ရွေးသင့်ပါတယ်။ သူတို့က နှစ်တိုင်းလိုလို ဆုဖလားတွေ ရတယ်လေ” လို့ အကြံပေးသွားခဲ့တာပါ။