MySport Myanmar

ပါလ်မာ ကစားတာကို ကြည့်ရတာ မက်ဆီ ကစားနေသလိုပဲလို့ ဂျိုးကိုး ဆို

ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်း ဂျိုးကိုးက နာမည်ကျော် ဗြိတိန် အားကစားရုပ်သံ TNT Sports မှာ pundit အဖြစ် ဆောင်ရွက်နေရင်း ချယ်လ်ဆီး ကြယ်ပွင့်လေး ကိုး ပါလ်မာ ကစားတာကို ကြည့်ရတာ လီယွန်နယ် မက်ဆီလိုပဲလို့ မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရာသီကမှ မန်စီးတီးကနေ ချယ်လ်ဆီးအသင်းဆီ ရောက်ရှိလာခဲ့တဲ့ စီးတီး အကယ်ဒမီထွက် ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံကစားသမား ပါလ်မာဟာ သူရဲ့ ချယ်လ်ဆီး ကစားသမားဘဝ ပွဲဦးထွက် ရာသီမှာပဲ ဘယ်သူ့မှ မထင်ထားလောက်အောင် ချယ်လ်ဆီးအတွက် အတော်လေး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

Photo Credit : Goal

ပါလ်မာက ပြီးခဲ့တဲ့ ရာသီမှာ တစ်ဦးချင်း ဆုပေါင်းများစွာကို သိမ်းပိုက်ရယူနိုင်ခဲ့ပြီး အခုရာသီထဲမှာလည်း အသင်းအတွက် ပရီးမီးယားလိဂ် (၁၄)ဂိုးနဲ့ ဂိုးဖန်တီးမှု (၆)ကြိမ်အထိပါ လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းကတော့ ပါလ်မာက ချယ်လ်ဆီးအတွက် ပရီးမီးယားလိဂ် (၂၂)ဂိုးသွင်းပြီး (၁၁)ဂိုးအထိတောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒီလို ဘောလုံးရာသီ နှစ်ရာသီဆက်တိုက် ချယ်လ်ဆီးအသင်းအတွက် ဂိုးရော ဂိုးဖန်တီးမှုတွေ ပေါင်းပြီး ဂိုးပါဝင်ပတ်သက်မှု ဂိုး(၂၀)အထိ လုပ်ဆောင်နိုင်ခဲ့တဲ့ ကစားသမားဆိုလို့ ကစားသမားဟောင်း အီဒင် ဟာဇက်သာ ရှိခဲ့ဖူးရာကနေ အခုတော့ ဟာဇက်ရဲ့ စံချိန်ကို ပါလ်မာက အမီလိုက်နိုင်ခဲ့ပါတယ်။

Photo Credit : Goal

ပါလ်မာက မနေ့ညက ဘုန်းမောက်နဲ့ပွဲမှာ အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ရင်းနဲ့ အခုလို ဟာဇက်ရဲ့ စံချိန်ကို လိုက်မီနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလို စွမ်းဆောင်ပြနိုင်ခဲ့တဲ့ ပါလ်မာကို ချယ်လ်ဆီးနဲ့ အင်္ဂလန် ကစားသမားဟောသင်းကြီး ဂျိုးကိုးက မက်ဆီနဲ့ နှိုင်းယှဉ်ပြီး ပြောဆိုလာခဲ့ပါတယ်။

“သူ ကစားနေတာကို ကြည့်ရတာ မက်ဆီကိုပါ သတိရသွားစေပါတယ်။ ဒါပေမယ့် ကျွန်တော် ဒီလိုပြောလို့ ဒီကစားသမားအပေါ်မှာ ဖိအားတွေ မပေးချင်ပါဘူး။” ဂျိုးကိုးက မှတ်ချက်ပြုသွားခဲ့ပါတယ်။ ပါလ်မာဟာ ၂၀၂၃ နွေရာသီကမှ မန်စီးတီးကနေ ချယ်လ်ဆီးအသင်းဆီ ပေါင်(၄၂.၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အခု သူရဲ့ အသင်းအတွက် စွမ်းဆောင်ရည်တွေက ပြောင်းရွှေ့ကြေးထက် ပိုမိုနေတဲ့အထိ ရှိနေရပါတယ်။

Exit mobile version