လီဗာပူးလ်အသင်းရဲ့ ကွင်းလယ် နဲ့ တောင်ပံ ကစားသမားဟောင်း ဂျို ကိုးလ်ကတော့ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကို မပြီးဆုံးနိုင်ဘူး ဆိုရင် လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ် ဖလား မပေးသင့်ဘဲ အစကနေ ပြန်စသင့်တယ်လို့ DailyStar သတင်းမှာ ပြောသွားခဲ့ပါတယ်။ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ အဆင့် (၂) နေရာက မန်စီးတီးအသင်းကို ရမှတ် (၂၅) မှတ် ဖြတ်ထားတာကြောင့် နောက်ထပ် ရမှတ် (၆) မှတ်သာ ရရှိမယ် ဆိုရင် နှစ် (၃၀) ကြာ စောင့်စားခဲ့ရတဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ပထမဆုံး အကြိမ် ရရှိသွားမှာ ဖြစ်ပါတယ်။

Photo Credit: Liverpoolecho

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိဖို့ လက်တစ်ကမ်းသာ လိုအပ်တော့တာ ဖြစ်ပေမဲ့လည်း အင်္ဂလန်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ် ကူးစက်မှု မြန်ဆန်လာတာကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲကို ရပ်နားထားရပြီး ပရီးမီးယားလိဂ် ဆုဖလား ရရှိဖို့ မသေချာတဲ့ သဘောမှာ ရှိလာပါတယ်။ ဂျို ကိုးလ်ဟာ လီဗာပူးလ်အသင်းမှာ (၂၀၁၀) ခုနှစ်ကနေ (၂၀၁၃) ခုနှစ်အထိ၊ (၂) နှစ်ခွဲကြာ ကစားခဲ့စဉ်က ပွဲစဉ် (၄၂) ပွဲ ကစားခဲ့ပြီး လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲ မပြီးဆုံးနိုင်ဘဲ ရပ်နားရမယ် ဆိုရင် ပရီးမီးယားလိဂ် ပြိုင်ပွဲကို အစကနေ ပြန်စရမယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Liverpoolecho

ဂျို ကိုးလ်က ” ဖြစ်နိုင်ရင်တော့ လက်ရှိရာသီကို အမြန်ဆုံး ပြီးဆုံးသင့်ပါတယ်။ ဒါက လူတိုင်း စိတ်ကူးပါပဲ။ တကယ်လို့ ကျွန်တော်တို့အနေနဲ့ လက်ရှိရာသီကို မပြီးဆုံးနိုင်ဘူး ဆိုရင် နောက်ရာသီ ပျက်သွားမှာ ဖြစ်ပြီး တရားမျှတမယ်လို့ ကျွန်တော် ထင်မိတာကတော့ အစကနေ ပြန်စဖို့ပါပဲ။ လူတိုင်းကတော့ ကိုယ့်အတွက်ပဲ စဉ်းစားမှာပါ။ လူတိုင်းက သူတို့အသင်းအတွက် အကောင်းဆုံးကိုပဲ လိုချင်ကြမှာပါ။ ဒါပေမဲ့ လူတိုင်းအတွက် မတွေးဘူး ဆိုရင်တော့ ဆိုးရွားတဲ့ သက်ရောက်မှု ရှိလာနိုင်ပါတယ်။ ကျွန်တော့်အမြင် နဲ့ ဖြေရှင်းချက် တစ်ခုကတော့ တကယ်လို့ လက်ရှိရာသီကို မပြီးဆုံးနိုင်ဘူး ဆိုရင် အစကနေ ပြန်စဖို့ ဖြစ်ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။