ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်တဲ့ လီဗာပူးနဲ့ ချယ်လ်ဆီးတို့ရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို တချိန်က ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး တောင်ပံ ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံခဲ့ရဖူးတဲ့ ဂန္တဝင် ကစားသမားကြီး ဂျိုကိုးလ်ကတော့ အာဆင်နယ်ဟာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ လူငယ်ကြယ်ပွင့် ဆာကာကို ခပ်မြန်မြန် စာချုပ်သစ် ချုပ်ဆိုသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန်နဲ့ အာဆင်နယ် လူငယ်ကြယ်ပွင့် ဘူကာယို ဆာကာက အာဆင်နယ်ရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး သူနဲ့ အာဆင်နယ်တို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်ဟာ လာမယ့် ၂၀၂၄ခုနှစ်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: Football 365

ဘူကာယို ဆာကာက လူငယ်အသင်း ကနေ အာဆင်နယ် အသင်းကြီးဆီ ရောက်ရှိလာပြီးကတည်းက အသင်းရဲ့ အရေးပါတဲ့ ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အာဆင်နယ်ရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရခဲ့သလို ယခုနှစ် ဘောလုံးရာသီမှာလည်း အသင်းရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ဆက်လက် ပြသထားနိုင်သူပါ။

ဆာကာက ယခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ်ရဲ့ ပွဲအားလုံးကို ဝင်ရောက် ကစားပေးထားသလို အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ပေးထားပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဥရောပရဲ့ အင်အားကြီးအသင်းတွေက အာဆင်နယ်နဲ့ ဆာကာတို့ရဲ့ စာချုပ်သစ် အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြပါတယ်။

Photo Credit: Football 365

အင်္ဂလန် တောင်ပံကစားသမားဟောင်း တဦး ဖြစ်သူ ဂျိုကိုးလ်ကတော့ အာဆင်နယ်မှာ ခြေစွမ်းပြနေတဲ့ ဘူကာယို ဆာကာကို အတော်လေး သဘောကျသူ ဖြစ်ပြီး ဂျိုကိုးလ်က အာဆင်နယ်ဟာ အသင်းရဲ့ မရှိမဖြစ် ကစားသမားလို ဖြစ်နေတဲ့ ဆာကာကို လက်လွှတ်လို့ မရပဲ ဆာကာကို စာချုပ်သစ် ခပ်မြန်မြန် ချုပ်ဆိုနိုင်အောင် ကြိုးစားသင့်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အကြံပေးသွားပါတယ်။

ဂျိုကိုးလ်က – “ခင်ဗျားတို့က ဆာကာရဲ့ အကြောင်းကို ပြောမယ် ဆိုရင် သူ့ရဲ့ အသက်အရွယ်နဲ့ အလားအလာကို သေချာ ချိန်ဆကြည့်ရပါမယ်။ သူက အာဆင်နယ် အတွက် ရတနာ တပါးပါ။ သူက ငယ်သေးပေမယ့် အတွေ့အကြုံ ပြည့်ဝသလို ကွင်းထဲမှာလည်း အသင်းကို ဦးဆောင် ကစားနိုင်ပါတယ်။ သူက ထူးချွန်တဲ့ ကစားသမားကောင်း တယောက် ဖြစ်သလို အာဆင်နယ်ရဲ့ ကျရှုံးချိန်တွေမှာ အသင်းနဲ့အတူတူ ရှိနေခဲ့တဲ့ ကစားသမားတွေထဲက တယောက်ပါ။ ဒါကြောင့် အာဆင်နယ်က အောင်မြင်မှုတွေဆီ သွားမယ့် အသင်းကို တည်ဆောက်တဲ့ နေရာမှာ ဆာကာကို ဗဟိုထားပြီး တည်ဆောက်သင့်ပါတယ်။ ဆာကာနဲ့ ပတ်သတ်ပြီး သဘောကျစရာ ကောင်းတဲ့ အချက်က သူဟာ ဘယ်တောင်ပံမှာ ကစားနိုင်စွမ်း ရှိသလို နံပါတ် ၁၀ နေရာမှာလည်း ကောင်းပါတယ်။ ပြီးတော့ လိုအပ်လာရင် ဘယ်နောက်ခံနဲ့ ညာတောင်ပံတွေမှာပါ ကစားနိုင်စွမ်း ရှိသူပါ။ သူက ထူးချွန်တဲ့ ကစားသမားကောင်း တယောက် ဖြစ်ရုံတင်မကပါဘူး။ အာတီတာနဲ့ အသင်းဖော်တွေရဲ့ အကြောင်းကို ကောင်းကောင်း နားလည်သူပါ။ သူ့ရဲ့ ဘေးနားမှာ ရှိနေတဲ့ လူငယ်တွေက ဆာကာကို ကြည့်ပြီး ခွန်အားတွေ ရနိုင်ပါတယ်။ ဒါကြောင့် သူတို့က ဆာကာကို အသင်းမှာပဲ ဆက်ရှိနေအောင် လုပ်ဆောင်သင့်နေပါပြီ။ ဖြစ်နိုင်ရင် ဒီညမှာပဲ စာချုပ်သစ် ချုပ်ဆိုနိုင်အောင် ကြိုးစားရမှာပါ” လို့ တိုက်တွန်း အကြံပေးသွားခဲ့တာပါ။