ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတွေဖြစ်တဲ့ လီဗာပူးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ ဂျိုလ်ကိုးလ် ကတော့ သူ့ရဲ့ အသင်းဟောင်း တစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီး အသင်းက ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တဲ့ ဝါရင့် ဗဟို ခံစစ်မှူး သီယာဂို ဆေးလ်ဗားဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခံစစ်မှူး ဖြစ်နေပြီလို့ ချီးကျူး သွားခဲ့ပါတယ်။ အသက် ၃၆နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဘရာဇီးလ် လက်ရွေးစင် ခံစစ်မှူး သီယာဂို ဆေးလ်ဗားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ အကုန်မှာ ပြင်သစ် အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တဲ့ ကစားသမား ဖြစ်ပြီး ချယ်လ်ဆီး အသင်းထံကို ၁နှစ် + ၁နှစ် စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့သူပါ။

Photo Credit: Metro

ကနဦးမှာတော့ အင်္ဂလန် ပရီးမီးယားလိဂ်ဟာ ကြံ့ခိုင်မှု အသားပေး လိဂ်တစ်ခု ဖြစ်တာကြောင့် ဆေးလ်ဗားလို ဝါရင့် ခံစစ်မှူး တစ်ဦးဟာ ခြေစွမ်းပြဖို့ ရုန်းကန်ရလိမ့်မယ် လို့ ထင်ကြေးပေးမှုတွေ ရှိနေပေမယ့် ဆေးလ်ဗားကတော့ ဝေဖန်မှုတေွ မှားယွင်းကြောင်း သက်သေပြခဲ့သလို ချယ်လ်ဆီး အသင်းရဲ့ ခံစစ်ပိုင်းကိုလည်း အကောင်းဆုံး ဦးဆောင် ပေးနိုင်ခဲ့ပါတယ်။ ဆေးလ်ဗားရဲ့ ဦးဆောင်မှုအောက်မှာ ချယ်လ်ဆီး အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် ၇ပွဲမှာ ၅ပွဲအထိ ပေးဂိုးမရှိခဲ့ပဲ ပေးဂိုး ၂ဂိုးသာ ခွင့်ပြု ပေးခဲ့ရပါတယ်။ ဒါ့ကြောင့်ပဲ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ ဂျိုကိုးလ်က ဆေးလ်ဗားဟာ လက်ရှိ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံး ဗဟိုနောက်ခံလူ ဖြစ်ကြောင်း ချီးကျူး သွားခဲ့တာပါ။

Photo Credit: Metro

သီယာဂို ဆေးလ်ဗားရဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သတ်ပြီး ဂျိုကိုးလ်က “ တကယ့်ကို မယုံကြည်နိုင်စရာပါပဲ။ သူဟာ တစ်ချိန်က ကမ္ဘာ့အကောင်းဆုံး ခံစစ်မှူးတွေထဲက တစ်ဦး ဖြစ်ခဲ့ပေမယ့် အသက် ၃၆နှစ် အရွယ်နဲ့ ချယ်လ်ဆီးအသင်းကို ရောက်လာတာကြောင့် အားလုံးက သူ့အတွက် စိုးရိမ်ခဲ့ကြပါတယ်။ ပုံမှန်အားဖြင့် သူ့ရဲ့ အသက်အရွယ်မှာ ပရီးမီးယားလိဂ်ဆီ ရောက်လာတဲ့ ကစားသမားတွေဟာ ပရီးမီးယားလိဂ်နဲ့ အသားကျဖို့ ရုန်းကန်ကြ ရပါတယ်။ ပရီးမီးယားလိဂ်ဟာ တခြားလိဂ်တွေနဲ့ မတူတဲ့ လိဂ်တစ်ခုပါ။ အခုချိန် မှာတော့ ဗန်ဒိုက်ကလွဲပြီး သူ့ထက် သာတဲ့ ဗဟိုခံစစ်မှူးဟာ ပရီးမီးယားလိဂ်မှာ မရှိဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော့်ရဲ့ စကားကို သဘောမကျတဲ့လူတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ရူဒီဂါ ၊ ဇူးမားနဲ့ ခရစ်တန်ဆန်တို့က သူ့ကို အတုယူကြရမှာပါ” လို့ ပြောကြား သွားခဲ့တာပါ။ လက်ရှိမှာ ဗန်ဒိုက်ဟာ ပြင်းထန်တဲ့ ဒူးခေါင်းဒဏ်ရာကြောင့် အနားယူ နေရတာကြောင့် ဆေးလ်ဗားဟာ လက်ရှိ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံး ခံစစ်မှူးပါလို့ ဂျိုကိုးလ်က ထပ်လောင်း ပြောကြား သွားပါသေးတယ်။