ပရီးမီးယားလိဂ် အင်အားကြီးကလပ်တွေ ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ လီဗာပူးတို့ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ရံဖန်ရံခါ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်တတ်တဲ့ ဂျိုကိုးလ်က အင်္ဂလန်နဲ့ အာဆင်နယ်တို့ရဲ့ အဓိက ညာတောင်ပံ ကစားသမား ဆာကာကို ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရတဲ့ လီယွန်နယ် မက်ဆီနဲ့ ခိုင်းနှိုင်းကာ ချီးကျူးသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဆာကာက အာဆင်နယ်ရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကမ္ဘာ့အဆင့် တောင်ပံတိုက်စစ် ကစားသမား ဖြစ်ပြီး သူက အာဆင်နယ်နဲ့ ဆုဖလား အောင်မြင်မှုပေါင်း များစွာ ရယူထားနိုင်သလို တဦးချင်း ဆုတံဆိပ်တွေကိုလည်း သိမ်းပိုက် ရယူထားနိုင်သူပါ။

Photo Credit: Metro

ဆာကာက တဦးချင်း လိမ်ခေါက် ဖြတ်ကျော်မှုတွေ အလွယ်တကူ လုပ်နိုင်သလို ဂိုးသွင်း သေချာပြီး အသင်းဖော်တွေ အတွက် ဂိုးသွင်းခွင့်တွေ အများကြီး ဖန်တီးပေးနိုင်တာကြောင့် ဆာကာက အာဆင်နယ် အတွက် ပြိုင်ပွဲစုံမှာ ၁၈၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄၀ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၄၂ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ဥရောပရဲ့ အင်အားကြီးအသင်းတွေက ဆာကာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပေမယ့် ဆာကာကတော့ သူ့ရဲ့ ကစားသမား ဘဝကို အာဆင်နယ်နဲ့သာ ဖြတ်သန်းသွားဖို့ ဆုံးဖြတ်ထားသလို မကြာသေးမီကလည်း အာဆင်နယ်နဲ့ စာချုပ်သစ် ထပ်မံ ချုပ်ဆိုထားပါတယ်။

Photo Credit: Team Talk

ပရီးမီးယားလိဂ်ရဲ့ ထာဝရ အကောင်းဆုံး တောင်ပံကစားသမား စာရင်းထဲမှာ ပါသလို ဆာကာလိုပဲ အင်္ဂလန် လက်ရွေးစင် ဖြစ်ခဲ့တဲ့ ဂျိုကိုးလ်ကတော့ ဆာကာဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်တဲ့ လီယွန်နယ် မက်ဆီလိုမျိုး ထိန်းချုပ်ရ ခက်ခဲတဲ့ ကစားသမား ဖြစ်ပြီး ဆာကာရဲ့ ဘယ်ခြေကန်ချက်တွေဟာ မက်ဆီ ၊ ဆာလာတို့နည်းတူ ကောင်းမွန်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

ဂျိုကိုးလ်က – “ခင်ဗျားက ဆာကာကို ထိန်းချုပ်လို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆာကာမှာ မက်ဆီလိုမျိုး ဘောလုံးကို နောက်ပြန် ဆွဲသွားပြီး အကျိုးရှိအောင် အသုံးချနိုင်တဲ့ စွမ်းရည်မျိုး ရှိနေလို့ပါ။ ဆိုပါတော့ နောက်ခံလူ တယောက်က ဆာကာကို ဘောလုံးနဲ့အတူ ရှေ့ဆက်မတိုးနိုင်အောင် တားလိုက်ရင် သူက ဘောလုံးကို အနောက် တချက် ပြန်ခေါက်ပြီး ဂိုးပေါက်ထဲကို အရှိန်ပြင်းပြင်းနဲ့ ဝေ့ဝိုက် ကန်သွင်းသွားပါလိမ့်မယ်။ သူ့မှာ အဲ့ဒီ အံ့မခန်းစွမ်းရည် တခု ရှိနေပါတယ်။ အဲ့ဒီလိုမျိုး လုပ်နိုင်တဲ့ ကစားသမားတွေက ဆာလာ ၊ မက်ဆီနဲ့ ဆာကာပဲ ရှိပါတယ်။ တကယ်လို့ သူကသာ နေရာမှန် တခုကို ရောက်နေမယ် ဆိုရင် သူ့ရဲ့ ကန်ချက်က အရမ်းကို တိကျနေပါလိမ့်မယ်” လို့ ပြောကာ ဆာကာကို ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။