MySport Myanmar

ဘာစီလိုနာဆီ ပြောင်းရွှေ့ ကစားချင်ကြောင်း ထုတ်ပြောလာတဲ့ ဂျာအို ဖီးလစ်

စပိန်လာလီဂါ ထိပ်သီးကလပ် အက်သလက်တီကို မက်ဒရစ်ရဲ့ တိုက်စစ်မှူး တဦး ဖြစ်သူ ဂျာအို ဖီးလစ်က အက်သလက်တီကို မက်ဒရစ်ရဲ့ ပြည်တွင်းပြိုင်ဘက် ဘာစီလိုနာဆီ ပြောင်းရွှေ့ ကစားချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ တရားဝင် ထုတ်ပြောလာခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ဂျာအို ဖီးလစ်က ၂၀၁၉ခုနှစ်မှာ ဘင်ဖီကာ ကနေ အက်သလက်တီကို မက်ဒရစ်ထံ အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၁၂၇သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက မကြာသေးမီကမှ အက်သလက်တီကို မက်ဒရစ်နဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Goal

ဂျာအို ဖီးလစ်က တိုက်စစ်နေရာစုံမှာ ကစားနိုင်စွမ်း ရှိတဲ့ အရည်အသွေးမြင့် တိုက်စစ်မှူး တဦး ဖြစ်ပေမယ့် သူနဲ့ အက်သလက်တီကို မက်ဒရစ် နည်းပြချုပ် ဆီမြွန်နီတို့ ကြားထဲမှာ ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိနေတာကြောင့် ဆီမြွန်နီက သူ့ကို အသင်းမှာ သုံးဖို့ ဆန္ဒမရှိတော့ပဲ အသင်းသစ် ရှာခိုင်းထားပါတယ်။

လက်ရှိမှာ ဂျာအို ဖီးလစ်ရဲ့ အေးဂျင့် ဂျော့စ် မန်ဒက်က သူ့ရဲ့ ကစားသမား အတွက် အသင်းသစ် ရှာဖွေပေးနေပြီး မန်ဒက်က ဂျာအို ဖီးလစ်ကို ပီအက်စ်ဂျီ ၊ ဂျူဗင်တပ် စတဲ့ အသင်းတွေဆီ ကမ်းလှမ်းခဲ့ပေမယ့် နှစ်သင်းစလုံးက ဂျာအို ဖီးလစ်ကို ခေါ်ယူဖို့ စိတ်မဝင်စားကြပဲ ဘာစီလိုနာ တသင်းထဲကသာ ဂျာအို ဖီးလစ်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ လုပ်ဆောင်လာပါတယ်။

Photo Credit: Football Transfer

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဂျာအို ဖီးလစ်က သူ့ရဲ့ ငယ်ဘဝ အိမ်မက်အသင်းဟာ ဘာစီလိုနာ ဖြစ်တာကြောင့် အခွင့်အရေး ရရင် ဘာစီလိုနာဆီ ပြောင်းရွှေ့ ကစားချင်ကြောင်း ပြောကြားရင်း ဘာစီလိုနာကို သူ့အတွက် တရားဝင် ကမ်းလှမ်းမှုတွေ လုပ်ဖို့ အချက်ပြသွားခဲ့ပါတယ်။

ဂျာအို ဖီးလစ်က – “ကျွန်တော်က ဘာစီလိုနာ အတွက် ကစားပေးချင်ပါတယ်။ ဘာစီလိုနာက အမြဲတမ်း ကျွန်တော့်ရဲ့ ဦးစားပေးအသင်း ဖြစ်ခဲ့တာပါ။ ကျွန်တော်က ဘာစီလိုနာမှာ ကစားခွင့် ရချင်ပါတယ်။ ဘာစီလိုနာမှာ ကစားခွင့် ရဖို့က ကျွန်တော့်ရဲ့ ငယ်ဘဝအိမ်မက်လို့လည်း ပြောလို့ ရပါတယ်။ တကယ်လို့ ကျွန်တော်သာ ဘာစီလိုနာဆီ ပြောင်းရွှေ့ ကစားနိုင်မယ် ဆိုရင် ဒါက ကျွန်တော့်ရဲ့ အိမ်မက်တခု ဖြစ်မြောက်လာတာပါပဲ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Exit mobile version