ပြီးခဲ့တဲ့ ဆောင်းရာသီ ဈေးကွက်တုန်းက အသက်လက်တီကိုမက်ဒရစ်အသင်းကနေ ချဲလ်ဆီးအသင်းဆီကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ ပေါ်တူဂီ တိုက်စစ်ကစားသမား ဂျာအိုဖီးလစ်က ချဲလ်ဆီးအသင်းအတွက် အစွမ်းကုန် ကူညီပေးသွားချင်တယ်လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

Image

Photo Credit : Twitter

အသက်(၂၃)နှစ်အရွယ်ရှိ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ဖီးလစ်ဟာ အာဆင်နယ် မန်ယူနိုက်တက်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ရာကနေ မမျှော်လင့်ပဲ ချဲလ်ဆီးအသင်းဆီကိုသာ အငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီး လက်ရှိအချိန်ထိ အသင်းအတွက် ပြိုင်ပွဲစုံ (၆)ပွဲ ပါဝင်ကစားထားခဲ့ရာ (၁)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဖီးလစ်က ချဲလ်ဆီးအသင်းဆီမှာ ဒီရာသီကုန်အထိသာ ရှိနေမှာဖြစ်ပြီး အငှားစာချုပ် ပြည့်တာနဲ့ အသက်လက်တီကိုအသင်းဆီ ပြန်သွားရတော့မှာမို့ ချဲလ်ဆီးနဲ့ ဆက်လက် လက်တွဲဖြစ်မဖြစ်ဆိုတာ အသေအချာ မသိရသေးချိန် အသင်းအတွက်ကိုတော့ အစွမ်းကုန် ကူညီပေးသွားမယ်လို့ ကတိပေး ပြောဆိုသွားခဲ့ပါတယ်။

Image

Photo Credit : Twitter

“ကျွန်တော် ချဲလ်ဆီးအသင်းမှာ ရှိနေတုန်း ပါဝင် ကစားခွင့်ရဖို့နဲ့ အသင်းကို ဆုဖလားတွေ ရရှိအောင် ကူညီပေးသွားချင်ပါတယ်။ အဲ့ဒါတွေအတွက် ကျွန်တော် တိုက်ပွဲဝင်နေပါတယ်။ ကျွန်တော်က အငှား ကစားသမားပါ။ ဒါပေမဲ့ ကျွန်တော် ဒီကို ရောက်နေတဲ့အချိန် အစွမ်းကုန် ကူညီပေးသွားချင်ပါတယ်။ ဂိုးတွေ သွင်းယူပြီး နိုင်ပွဲတွေလည်း ရယူပေးသွားချင်ပါတယ်။ ဒီမှာ ဆက်နေဖြစ်မလား မဖြစ်ဘူးလားဆိုတာတွေနဲ့ ပတ်သတ်ပြီး အနာဂတ် အခြေအနေကို ဘယ်သူကမှ မသိနိုင်ပါဘူး။ ချဲလ်ဆီးက အံ့သြစရာကောင်းတဲ့ အသင်းပါ။ ကျွန်တော် ဒီမှာ ရှိနေရတာ ပျော်ရွှင်ပါတယ်။ ကျွန်တော် အသက်လက်တီကိုကနေ ထွက်ခွာခဲ့တုန်းက သူတို့အတွက်ရော ကျွန်တော့်အတွက်ပါ အကျိုးရှိစေခဲ့ပါတယ်။ ဒါက မတူကွဲပြားတဲ့ အရာတစ်ခုကို စမ်းကြည့်ဖို့ ပြီးပြည့်စုံတဲ့ သဘောတူညီချက် တစ်ခုပါပဲ။ ကျွန်တော် ချဲလ်ဆီးမှာ ပါဝင်ကစားရတာ အရမ်း ပျော်ရွင်ပါတယ်။ ချဲလ်ဆီးအသင်းက တိုက်စစ်ပိုင်းနဲ့ ဘောလုံးပိုင်ဆိုင်မှုကို ဦးစားပေးတယ်။ ပွဲကိုလည်း စိုးမိုးထားတယ်။ ဒါကြောင့် ကျွန်တော့်အကြိုက်နဲ့ ထပ်တူကျနေတယ်။ ဒီမှာ ကစားရတာ အရမ်း လွတ်လပ်တယ်လို့လည်း ခံစားရတယ်။ ဒါကိုလည်း သဘောကျမိပါတယ်” လို့ ဖီးလစ်က ဖွင့်ဟသွားခဲ့ပါတယ်။