ဒီနေ့ည(၂၄ရက်နေ့ မနက်အစောပိုင်း ၂နာရီခွဲ)မှာ အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှုံးထွက်ပထမအကျော့ပွဲစဉ်အဖြစ်နဲ့ ယှဉ်ပြိုင်ကစားကြတော့မှာဖြစ်ပါတယ်။ ဒီအသင်း(၂)သင်းဟာ ဥရောပပွဲစဉ်တွေမှာ မကြာခဏ တွေ့ဆုံကြလေ့ရှိပြီး ၂၀၁၇-၂၀၁၈ ဘောလုံးရာသီတုန်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နောက်ဆုံးအကြိမ်အဖြစ်နဲ့ ဆုံတွေ့ခဲ့ကြပါသေးတယ်။ ဒီတစ်ကြိမ် ဆုံတွေ့မှုမှာတော့ အသက်လက်တီကိုအသင်းရဲ့ တိုက်စစ်ကစားသမားလေး ဂျာအိုဖီးလစ်က သူသဘောကျရတဲ့ ချယ်လ်ဆီးအသင်းသားတစ်ယောက်နဲ့ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်။

Photo Credit : The Pride of London

ဒီကစားသမားကတော့ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား မေဆန်မောင့်ပါ။ ဂျာအိုဖီးလစ်နဲ့ မေဆန်မောင့်တို့နှစ်ယောက်ဟာ အသက်အရွှယ် မတိမ်းမယိမ်း ရှိသူတွေဖြစ်နေပေမယ့် မေဆန်မောင့်ရဲ့ခြေစွမ်းပိုင်းတွေနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကတည်းက ကြားသိထားခဲ့ရတာဖြစ်တယ်လို့ ဂျာအိုဖီးလစ်က ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။ မေဆန်မောင့်နဲ့ပတ်သက်ပြီး ဂျာအိုဖီးလစ်က “မောင့်ရဲ့ကစားဟန်ကို ကျွန်တော် အရမ်းသဘောကျပါတယ်။ ဘောလုံးကိုဆွဲပြေးတဲ့ပုံ ဘောလုံးထိန်းသိမ်းတဲ့ ပုံစံတွေအားလုံးကို တကယ်သဘောကျပါတယ်။ ကျွန်တော် ဘင်ဖီကာမှာ ကစားခဲ့စဉ်တုန်းက ခရစ္စဝဲလ်လော့ခ်နဲ့ အသင်းဖော်တွေ ဖြစ်နေတုန်း ချယ်လ်ဆီးအသင်းမှာ ကျွန်တော်ကစားပုံ ခပ်ဆင်ဆင်ဖြစ်နေတဲ့ တကယ့်ကစားသမားကောင်းတစ်ဦး ရှိနေတယ်လို့ သူပြောပြခဲ့ဖူးတယ်”

Photo Credit : Eurosport

“အဲ့ဒီကစားသမားက မေဆန်မောင့်ပါတဲ့။ သူဒီစကားကိုပြောတာက (၃) (၄)နှစ်လောက် ကြာမြင့်နေပါပြီ။ မောင့်က ချယ်လ်ဆီးအသင်းနဲ့အတူ စတင်ကစားလာခဲ့တဲ့ အချိန်မှာတော့ ကျွန်တော် သူ့ခြေစွမ်းတွေကို တွေ့မြင်ခွင့်ရလာခဲ့တယ်။ သူကစားပုံကို သဘောကျမိခဲ့ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒီည တွေ့ဆုံရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ဂျာအိုဖီးလစ်က အသက်လက်တီကိုအသင်းရဲ့ တိုက်စစ်မှာ ဝါရင့်တိုက်စစ်မှူးကြီး လူးဝစ်ဆွာရက်ဇ်နဲ့ တွဲဖက်လာမှာဖြစ်သလို မေဆန်မောင့်ကလည်း ချယ်လ်ဆီးရဲ့ကွင်းလယ်ပိုင်းမှာ ကိုဗာဆစ် ကန်တီတို့နဲ့အတူတူ ပွဲထွက်လာဖွယ် ရှိနေပါတယ်။ အသက်(၂၁)နှစ်အရွှယ်ရှိ ဂျာအိုဖီးလစ်ဟာ ဒီရာသီမှာ အသက်လက်တီကိုအသင်းအတွက် (၉)ဂိုးသွင်းယူပြီး (၅)ဂိုးဖန်တီးထားနိုင်ခဲ့သလို အသက်(၂၂)နှစ်အရွှယ်ရှိ ကွင်းလယ်လူ မေဆန်မောင့်ကလည်း သူရဲ့ချယ်လ်ဆီးအသင်းအတွက် (၅)ဂိုးသွင်းယူပြီး (၆)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။