အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင်ဖြစ်သူ ပေါ်တူဂီ တိုက်စစ်ကစားသမား ဂျာအိုဖီးလစ်က သူ့အနေနဲ့ ဒီနှစ် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ အသင်းနဲ့ လမ်းခွဲသွားဖို့ အစီအစဉ် မရှိပဲ အသင်းမှာသာ ဆက်လက်ရှိနေမှာဖြစ်ပြီး အောင်မြင်မှုတွေကို ရယူသွားဖို့အတွက်လည်း စိတ်ပိုင်းဖြတ်ထားတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Sports Mole
အသက်(၁၉)နှစ်အရွယ်မှာကတည်းက အသက်လက်တီကိုအသင်းဆီ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်(၁၁၅)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့သူ ဂျာအိုဖီးလစ်ဟာ လက်ရှိဆိုရင် အသင်းနဲ့ ပူးပေါင်းခဲ့တာဆိုရင် ဘောလုံးရာသီ (၃)ရာသီ ပွဲပေါင်း(၁၁၀)ထိ ကစားထားပြီးပြီ ဖြစ်ပေမယ့်လည်း တစ်ရာသီအတွင်း အသင်းအတွက် သူသွင်းယူပေးနိုင်တဲ့ ပြိုင်ပွဲစုံသွင်းဂိုးက (၁၀)ဂိုး ပတ်ချာလည်သာ ရှိနေသလို အခုနှစ်နွေမှာလည်း သူရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ကောလဟာလ သတင်းတွေကပါ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် ဂျာအိုဖီးလစ်ကတော့ သူရဲ့ အနာဂတ် အခြေအနေက ရှင်းရှင်းလင်းလင်း ရှိနေသလို အသင်းမှာပဲ ဆက်လက်ရှိနေမှာ ဖြစ်တယ်လို့ အတိအလင်း ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Football London
ဂျာအိုဖီးလစ်က “အသက်လက်တီကိုအသင်းကနေ ထွက်ခွာသွားဖို့ဆိုတာက လက်ရှိအခြေအနေမှာ မဖြစ်နိုင်ပါဘူး။ ကျွန်တော် အဆင်ပြေနေပါတယ်။ အသက်လက်တီကိုအသင်းအတွက်ကိုလည်း အာရုံစိုက်နေပါတယ်။ အနာဂတ်အတွက်ကိုလည်း စိတ်အေးအေးလေးပဲထားတယ်။ ဘာတွေလုပ်ဆောင်နိုင်လဲဆိုတာကို သိထားတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဆင်ပြေနေပါတယ်။ အခုလည်း ရာသီကြို ပြင်ဆင်မှုတွေအတွက် လေ့ကျင့်ရေးတွေ စတင်လုပ်ဆောင်နေပါပြီ။ ဒါပေမယ့် ဘောလုံးအကြောင်းကိုတော့ အများကြီး သိပ်မတွေးတောထားပါဘူး။ ဘင်ဖီကာကနေ ထွက်ခွာပြီးနောက်ပိုင်းမှာတော့ ကျွန်တော်ရဲ့ စိတ်ပိုင်းရော ရုပ်ပိုင်းပါ အကုန်တိုးတတ်လာခဲ့တာတော့ အမှန်ပါပဲ။” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က အသက်လက်တီကိုအသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဂျာအိုဖီးလစ်က ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာပဲ အသက်လက်တီကို ကစားသမားဘဝအတွင်း သူရဲ့ အကောင်းဆုံးပုံစံတစ်ခုကို ပြသထားနိုင်ခဲ့သလို လာမယ့်နှစ်တွေမှာပါ ဆွာရက်ဇ် မရှိတော့တဲ့ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ဂျာအိုဖီးလစ်ရဲ့ အခန်းကဏ္ဍာက ပိုမိုအရေးကြီးလာနိုင်ဖွယ် ရှိပါတယ်။