မန်ချက်စတာစီးတီးအသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ နောက်ခံအစွန်လူ ဂျာအိုကန်ဆယ်လိုက လာမယ့်နှစ်နွေမှာ ကလပ်အသင်း အပြောင်းအအလဲလုပ်ဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ကန်ဆယ်လိုကိုယ်တိုင်ကတော့ သူ့အနေနဲ့ မန်စီးတီးအသင်းမှာသာ နှစ်ပေါင်းများစွာ ဆက်လက် ရှိနေချင်တယ်လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sports Illustrated

အသက်(၂၈)နှစ်အရွယ်ရှိ ပေါ်တူဂီလက်ရွေးစင် side-back ကစားသမား ကန်ဆယ်လိုဟာ ၂၀၁၉ခုနှစ်ကတည်းက မန်စီးတီးအသင်းဆီ ပေါင်သန်း(၆၀)နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး right-back player ထဲမှာ ပြောင်းရွှေ့ကြေး တတိယမြောက် အမြင့်ဆုံး ကစားသမားပါ ဖြစ်လာခဲ့ရပါတယ်။ ညာခြမ်းခံစစ် ကစားသမားတစ်ဦး ဖြစ်ပေမယ့် ဘယ်ခြမ်းမှာပါ အလျဉ်းသင့်သလို ပါဝင်ကစားတတ်တဲ့ ကန်ဆယ်လိုဟာ မန်စီးတီးကို ရောက်ရှိလာချိန်ကနေ စတင်ပြီး လက်ရှိအချိန်ထိ အသင်းအတွက် အဓိကကျတဲ့ ကစားသမားအဖြစ် ရပ်တည်လျက် ရှိနေသူ ဖြစ်ပါတယ်။

Image

Photo Credit : Twitter

ကန်ဆယ်လိုဟာ မကြာသေးခင်ကမှ မန်စီးတီးအသင်းနဲ့ ၂၀၂၇ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုထားခဲ့တာ ဖြစ်ပေမယ့်လည်း လာမယ့် ၂၀၂၃ခုနှစ် နွေရာသီ ဈေးကွက်ထဲမှာပဲ ကန်ဆယ်လိုက မန်စီးတီးကနေ ထွက်ခွာသွားနိုင်ဖွယ် ရှိနေတယ်လို့ သတင်းတွေကနေ ဖော်ပြလာခဲ့ပါတယ်။ ဒီလို ဖော်ပြချက်တွေ ရှိနေပေမယ့် ကန်ဆယ်လို ကိုယ်တိုင်ကတော့ သူရဲ့လက်ရှိကလပ်မှာပဲ ဆက်လက် ရှိသွားချင်နေကြောင်းကို “ကျွန်တော် လိုက်လျောညီထွေဖြစ်အောင် အချိန်ကာလတစ်ခု လိုအပ်ပါတယ်။ ဒါပေမယ့် အခုက ဒီမှာ ကျွန်တော် ပိုပြီး ပေါင်းစပ်လာခဲ့တယ်။ နောက်ပြီး မန်စီးတီးမှာလည်း နောက်ထပ် နှစ်ပေါင်းများစွာ ဆက်လက် ရှိနေဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ဒီနေရာမှာ ခံစားချက်ကောင်းကောင်းတွေ ရှိနေလို့ပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ စီးတီးဘက်ကလည်း ကန်ဆယ်လို လိုမျိုး အသင်းအတွက် အရေးပါလှတဲ့ ကစားသမားမျိုးကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းသွားဖို့က သေချာနေပါတယ်။ ကန်ဆယ်လိုဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာလည်း မန်စီးတီးအတွက် ပွဲစဉ်အားလုံးနီးပါးကို ပါဝင်ကစားထားခဲ့ပြီး ပြိုင်ပွဲစုံ (၁၈)ပွဲ ကစားထားပြီးနောက် သွင်းဂိုး (၂)ဂိုးနဲ့ ဂိုးဖန်တီးမှု (၅)ကြိမ် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။