ယနေ့ည ၁၀နာရီခွဲမှာ အုပ်စုတွင်း ဒုတိယမြောက် ပွဲစဉ်အဖြစ် ပေါ်တူဂီအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ဂျာမဏီအသင်းရဲ့ နည်းပြဖြစ်သူ ဂျိုအာချင်လိုကတော့ သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်မတိုင်မီ ပေါ်တူဂီအသင်းဟာ ယခင်ကလို တဦးကောင်းအသင်း မဟုတ်တော့ကြောင်း ချီးကျူးစကား ပြောကြား သွားပါတယ်။ ပေါ်တူဂီအသင်းနဲ့ ဂျာမဏီအသင်းတို့ဟာ ယူရို ၂၀၂၀ပြိုင်ပွဲရဲ့ မရဏအုပ်စုလို့ တင်စားရမယ့် အုပ်စု F အတွင်းမှာ အတူတကွ ကျရောက်နေတာ ဖြစ်ပြီး အုပ် စုF အတွင်းမှာ ပေါ်တူဂီ ၊ ပြင်သစ် ၊ ဂျာမဏီနဲ့ ဟန်ဂေရီတို့ ပါဝင်နေတာကြောင့် ၁၆သင်း ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ အတွက် ပေါ်တူဂီအသင်းနဲ့ ဂျာမဏီအသင်းတို့ဟာ အချင်းချင်း တွေ့ဆုံကြတဲ့ ယနေ့ပွဲစဉ်ကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်ပါတယ်။

Photo Credit: Standard

အထူးသဖြင့် အဖွင့်ပွဲစဉ်မှာ ပြင်သစ်အသင်းကို ဟမ်းမဲလ်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တဲ့ ဂိုးနဲ့ အရှုံးပေးခဲ့ရတဲ့ ဂျာမဏီအသင်းဟာ နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ ပေါ်တူဂီအသင်းကို အနိုင်ကစားဖို့ လိုအပ်နေသလို ပေါ်တူဂီအသင်းကလည်း ဂျာမဏီအသင်းကိုသာ အနိုင်ရခဲ့ပါက နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ ကျိန်းသေသွားမှာ ဖြစ်တာကြောင့် ဒီနှစ်သင်း တွေ့ဆုံတဲ့ ပွဲစဉ်ဟာ အတော်လေးကို ကြည့်ကောင်းမှာ သေချာပါတယ်။ အဆိုပါပွဲစဉ်မှာ ဂျာမဏီအသင်းဟာ ပေါ်တူဂီအသင်းကို အနိုင်ရချင်ပါက ပေါ်တူဂီအသင်းရဲ့ ဂိုးသွင်းစက် ရိုနယ်ဒိုကို မဖြစ်မနေ ထိန်းချုပ်နိုင်ဖို့ လိုအပ်နေတယ်လို့ သတင်းထောက်တွေက သုံးသပ်ကြပေမယ့် ဂျိုအာချင်လိုကတော့ သူတို့ဟာ နိုင်ပွဲရချင်ရင် စုစည်းညီညွတ်မှု ရှိဖို့ လိုအပ်ကြောင်းနဲ့ ပေါ်တူဂီအသင်းဟာ ယခင်ကလို ရိုနယ်ဒို တဦးထဲကိုသာ မှီခိုနေတဲ့ အသင်းတသင်း မဟုတ်တော့ကြောင်း သူ့ရဲ့ အမြင်ကို ပြောပြလာပါတယ်။

Photo Credit: Standard

ပေါ်တူဂီအသင်းနဲ့ ပတ်သတ်ပြီး ဂျိုအာချင်လိုက – “ဒီပွဲက ကစားသမား တဦးရဲ့ စွမ်းဆောင်ရည်ကိုပဲ မြင်ရမယ့် ပွဲစဉ် မဟုတ်ပါဘူး။ ပေါ်တူဂီအသင်းက ယူရိုဖလားကို ရခဲ့တဲ့ လွန်ခဲ့တဲ့ ၄ ၊ ၅နှစ် အတွင်း အသင်းကောင်းတသင်း အနေနဲ့ တိုးတက်လာခဲ့ပါတယ်။ သူတို့ဟာ ထိပ်တန်း အသင်းတသင်းပါ။ အရင်တုန်းကတော့ သူတို့ဟာ ကစားသမား တဦးထဲကိုပဲ မှီခိုပြီး ကစားခဲ့ကြတာပါ။ ဒါပေမယ့် အခုတော့ ပြောင်းလဲသွားပါပြီ။ သူတို့မှာ ထိပ်တန်း ကစားသမားတွေ ဖြစ်တဲ့ ဆေးလ်ဗား ၊ ဖာနန်ဒက် ၊ ဖီးလစ် ၊ ဂျိုတာတို့အပြင် ကစားသမားကောင်းတွေ အများကြီးလည်း ရှိပါသေးတယ်။ သူတို့အားလုံးက ခရစ္စတီယာနို (ရိုနယ်ဒို) လိုပဲ တိုက်စစ်ဆင်တဲ့ နေရာမှာ ကောင်းမွန်ကြပါတယ်” လို့ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။