ကျွန်တော်တို့ရဲ့ ဘောလုံးပရိသတ်တွေထဲမှာ ပရီးမီးယားလိဂ် တစ်ခုတည်းကိုပဲ စွဲစွဲမြဲမြဲ အားပေးတဲ့သူတွေ ရှိမယ်ဆိုရင် ဒီရာသီမှာ ခြေစွမ်းပြ ထားနိုင်တဲ့ တိုက်စစ်မှူးတစ်ဦးကို သတိထားမိကြမှာ သေချာပါတယ်။ အဆိုပါ တိုက်စစ်မှူး ကတော့ ဝုဗ်အသင်းရဲ့ မက္ကဆီကို တိုက်စစ်မှူး ရာအူးလ် ဂျီမီနက်စ်ပဲ ဖြစ်ပါတယ်။ တောင့်တင်းတဲ့ ခန္ဓာကိုယ် ၊ နံပါတ်ကိုး ကစားသမား ပီသစွာ ဘောလုံးနိုင်နင်းမှုတွေနဲ့ အဆုံးသတ် ကောင်းတဲ့ ကစားသမားဆိုတဲ့ အချက်တွေက ဂျီမီနက်စ် ဟာ ထိပ်တန်းတိုက်စစ်မှူးတွေထဲက တစ်ဦး ဖြစ်တယ်ဆိုတာကို ပြသနေတဲ့ အချက်တွေ ဖြစ်ပြီး ဂျီမီနက်စ်လို ကစားသမားမျိုးကြောင့် ဝုဗ်အသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယား လိဂ်ရဲ့ ဖျက်မြင်းအသင်းအဆင့်ကို ရောက်ရှိနေတဲ့အချက်ကို ဘယ်သူမှ ငြင်းဆန်လို့ မရပါဘူး။

Photo Credit: Metro.com

ဘောလုံးလောကထဲမှာ ရှိနေတာ ကြာပြီ ဖြစ်ပေမယ့် ဂျီမီနက်စ်ရဲ့ နာမည်ကို ဝုဗ်အသင်းထံ ရောက်မှသာ ကြားဖူးကြသူတွေ များမှာပါ။ ဒါပေမယ့် ဂျီမီနက်စ်ဟာ ဝုဗ်အသင်းထံကို မပြောင်းရွှေ့မီကတည်းက ပရီးမီးယားလိဂ် အင်အားကြီး အသင်းတွေဖြစ်တဲ့ အဲဗာတန် ၊ အာဆင်နယ်အသင်းတို့ရဲ့ ပစ်မှတ် ကစားသမား ဖြစ်ခဲ့ဖူးသူတစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဂျီမီနက်စ်ဟာ ဝုဗ်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၂၉ပွဲ ပါဝင်ကစားထားရာမှာ ၁၃ဂိုးသွင်းယူထားပြီး ၆ဂိုးဖန်တီးပေးထား နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဂျီမီနက်စ်ကို ခေါ်ယူလိုတဲ့ အသင်းတွေ များပြားနေခဲ့ပြီး အဆိုပါ အသင်းတွေထဲမှာ မန်ယူနိုက်တက် ၊ ချယ်လ်ဆီး ၊ ဘာစီလိုနာ ၊ ရီးရဲလ်မက်ဒရစ် စတဲ့ ထိပ်တန်းအသင်းတွေလည်း ပါဝင်နေပါတယ်။

Photo Credit: Metro.com

ဂျီမီနက်စ်ဟာ အသက်၂၈နှစ် ရှိနေပြီ ဖြစ်တာကြောင့် ဘောလုံး ကစားသမားတစ်ဦးရဲ့ အကောင်းဆုံး အသက်အရွယ်ကို ရောက်ရှိနေသူ တစ်ဦးဖြစ်ပြီး သူ့ရဲ့ခြေစွမ်းဟာ ထိပ်တန်း အသင်းတွေနဲ့ ကိုက်ညီမယ်ဆိုတာ သံသယ ရှိစရာ မလိုပါဘူး။ လက်ရှိမှာတော့ ဂျီမီနက်စ်ဟာ သူ့ရဲ့ အပြောင်းအရွှေ့အတွက် ကိုယ်တိုင် ဖွင့်ဟမှုတွေ ပြုလုပ်လာခဲ့ပြီး ဘာစီလိုနာနဲ့ ရီးရဲလ် မက်ဒရစ်အသင်းတွေကသာ သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ရင် ချက်ချင်း လက်ခံသွားမယ် လို့ ပြောပြသွားခဲ့ပါတယ်။ ဂျီမီနက်စ်က ” တကယ် လို့ ခင်ဗျားက မနက်ဖြန်မှာ ကျွန်တော့်ဆီကို ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတွေက ကမ်းလှမ်းမှုတွေ ရလိမ့်မယ်လို့ ပြောခဲ့ရင် ဒါက လက်လွှတ်မခံသင့်တဲ့ အခွင့်အရေး တစ်ခုလို့ ပြောပြီး ကျွန်တော် ချက်ချင်း လက်ခံသွားမှာပါ ” လို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။