ဦးခေါင်းခွံအက်ကွဲဒဏ်ရာကြောင့် တနှစ်နီးပါး အနားယူခဲ့ရတဲ့ ဝုဗ်အသင်းရဲ့ မက္ကဆီကို တိုက်စစ်မှူး ဂျီမီနက်ဇ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကစားခဲ့တဲ့ လက်စတာအသင်းနဲ့ ဝုဗ်အသင်းတို့ရဲ့ ပွဲစဉ်မှာ အသင်းအတွက် ကစားပေးပြီး မြက်ခင်းစိမ်းပေါ် ပြန်လည် ခြေချနိုင်ခဲ့ပါတယ်။

ဂျီမီနက်ဇ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ အတွင်း အာဆင်နယ်အသင်းနဲ့ ဝုဗ်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ နောက်ခံလူ ဒေးဗစ်လူးဝစ်နဲ့ ခေါင်းယှဉ်တိုက်ရင်း ဦးခေါင်းခွံအက်ကွဲဒဏ်ရာကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

အဆိုပါဒဏ်ရာကြောင့်ပဲ ဂျီမီနက်ဇ်ဟာ ဦးခေါင်းနဲ့ ပတ်သတ်ပြီး ခွဲစိတ်မှု အကြိမ်ကြိမ် ပြုလုပ်ခဲ့ရကာ လက်ရှိမှာတော့ ပြန်လည် သက်သာလာပေမယ့် ဦးခေါင်းခွံ အကာအကွယ်ကို ဝတ်ဆင်ပြီး ဘောလုံး ဆက်ကစားရမှာပါ။

လက်ရှိမှာတော့ ဂျီမီနက်ဇ်ဟာ သူ့ရဲ့ ဒဏ်ရာနဲ့ ပတ်သတ်ပြီး ပြောပြလာသလို သူဟာ ကံကောင်းလို့သာ အသက်ရှင်ခဲ့တာ ဖြစ်ကြောင်း ပရိသတ်တွေကို ရင်ဖွင့်သွားခဲ့ပါတယ်။

Photo Credit: Sky Sports

သူ့ရဲ့ ဒဏ်ရာနဲ့ ပတ်သတ်ပြီး ဂျီမီနက်ဇ်က – “ဦးနှောက်ခွံ အက်ကွဲမှုကြောင့် အရိုးတချို့ ကျိုးသွားခဲ့သလို ဦးနှောက်အတွင်းပိုင်းမှာ သွေးယိုစီးမှုတွေလည်း အနည်းငယ် ဖြစ်ခဲ့ပါတယ်။ အဲ့ဒါက ကျွန်တော့်ရဲ့ ဦးနှောက်ကို ပိုကျုံ့သွားစေတာကြောင့် ခွဲစိတ်မှုကို ခပ်မြန်မြန် ပြုလုပ်ခဲ့ရပါတယ်။ ဆရာဝန်တွေ ကတော့ သူတို့ရဲ့ အလုပ်ကို အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ မျှော်လင့်ထားသလိုပဲ ဦးခေါင်းခွံ အက်ကွဲမှု ပြန်လည် သက်သာလာဖို့ အချိန်ယူခဲ့ရပြီး ခင်ဗျားတို့နဲ့ အခုလို ရှိနေရတာကိုက အံ့မခန်း ထူးဆန်းတဲ့ကိစ္စပါ။

မတော်တဆ ဖြစ်ရပ် စတင်တဲ့ အချိန်မှာပဲ ဆရာဝန်တွေက ကျွန်တော့်ကို ဘာတွေလုပ်ရမလဲ ၊ ဘယ်လို ဆိုးကျိုးတွေ ဖြစ်လာနိုင်လဲ ဆိုတာတွေကို ရှင်းပြခဲ့ပါတယ်။ ပြီးတော့ ဆရာဝန်တွေက ကျွန်တော် အခုလိုမျိုး အသက်ရှင်နေတာဟာ အတော်လေး အံ့ဩစရာ ကောင်းတယ်လို့ ပြောခဲ့ကြပါတယ်” လို့ ဖွင့်ဟ ပြောကြားခဲ့ပါတယ်။