ဝုဗ်အသင်းရဲ့ ကစားသမား ရော်လ်ဂျီမီနက်ဇ် ကတော့ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့တုန်းက သူ့ကိုခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတဲ့ အသင်းတွေထဲမှာ မန်ချက်စတာ ယူနိုက်တက်လည်း အပါအဝင် ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ မန်ယူအသင်းနည်းပြ အိုလီဂန်နာ ဆိုးလ်ရှားဟာ သူ့ကို အိုးထရက်ဖို့ဒ်ဆီ ခေါ်ယူဖို့ စိတ်အား ထက်သန်ခဲ့တယ်လို့လည်း ဂျီမီနက်စ်က ဆိုပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက် အနေနဲ့ နွေရာသီ အပြောင်းအရွှေ့ရဲ့နောက်ဆုံးနေ့မှာ အန်ဒီဆင် ကာဗာနီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူကာ ဂျီမီနက်စ်အား ခေါ်ယူဖို့ ကြိုးစားမှုတွေကို ရပ်တန့်ခဲ့ပါတယ်။

Photo Credit: Metro

ဂျီမီနက်ဇ်ဟာ ဒီရာသီ ဝုဗ် အသင်းအတွက် ပရီးမီးယားလိဂ် သွင်းဂိုး ၄ ဂိုးသွင်းယူပေးထားနိုင်တဲ့ ကစားသမား ဖြစ်ပါတယ်။ သူ့ကို ဂျုဗင်တပ် နဲ့ မန်ယူ စတဲ့ အသင်းကြီးနှစ်သင်းက ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဂျီမီနက်စ်က ပြောပြ သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဟာ ဝုဗ်အသင်းမှာပဲ ကစားရတာ ပျော်ရွှင်ကြောင် ဆိုလာပါတယ်။ “ တစ်နေ့၊ ကျွန်တော်နိုးလာတော့ ဂျုဗင်တပ်က ကျွန်တော့်ကို လိုချင်နေတယ်ဆိုတဲ့ သတင်းတွေကြားတယ်။ နောက်တစ်နေ့ကျ မန်ချက်စတာယူနိုက်တက်။ ကျွန်တော်သိတာက သူတို့ ကျွန်တော့်ကို ခေါ်ယူဖို့ ချဉ်းကပ်ခဲ့တာပါပဲ။ ဒါပေမယ့် သဘောတူညီမှုက မဖြစ်ခဲ့ပါဘူး။ နည်းနည်းလေးတောင် မနီးစပ်ခဲ့ပါဘူး။ ကျွန်တော် ဝုဗ်အသင်းမှာပဲ အတော်လေး ပျော်ရွှင်နေပါပြီ ”

Photo Credit: Metro

အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ဂျီမီနက်ဇ် ဟာ အောက်တိုဘာလကမှ ဝုဗ်အသင်းနဲ့ လေးနှစ်သက်တမ်း ရှိတဲ့ စာချုပ်ကို ချုပ်ဆိုထားသူလည်း ဖြစ်ပါတယ်။ ဂျီမီနက်ဇ် အနေနဲ့ သူ့နေရာကို သဘောကျ ကျေနပ်တယ်လို့ ဆိုရမှာ ဖြစ်ပြီးတော့ အနာဂါတ်မှာ အသင်းကနေ ထွက်ခွာဖို့လည်း စိတ်ဆန္ဒရှိ‌မနေဘူးလို့ ယူဆရပါတယ်။ “ အမှန်တကယ်တော့ ကျွန်တော် ဝုဗ်ဗာဟန်တန် မှာ အတော်လေး ပျှော်ရွှင်နေပါတယ်။ ပျော်ရွှင်တဲ့ နေရာမှာ ကစားရတာက ဘယ်တော့မှ မမှားပါဘူး။ ဒါပေမယ့် သူတို့က ကျွန်တော့်ရဲ့ ပုံစံကို ကျွန်တော် မကျေနပ်သေးဘူးဆိုတာ သိပါတယ်။ ကျွန်တော် အမြဲတမ်း တိုးတက်ဖို့ ကြိုးစားနေပါတယ်။ အပြောင်းအရွှေ့က ဒီတစ်ကြိမ်တော့ မဖြစ်ခဲ့ပါဘူး။ အကယ်၍ အခြေအနေတစ်ခုခုမှာ ဖြစ်ခဲ့ရင်တောင် အဲ့ဒါက ကျွန်တော့်အတွက်၊ ဝုဗ်အတွက် နဲ့ ကျွန်တော်ပြောင်းရွှေ့မယ့် အသင်းအတွက် အကောင်းဆုံးဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဝုဗ်မှာပဲ နေရတာ ပျော်ပြီး အရေးကြီးတဲ့ ကစားသမားတစ်ဦးလို ဆက်ဆံခံရတာ ကို သဘောကျပါတယ် ” လို့ ဆိုလိုက်ပါတယ်။