အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကစားသမား ဂါဘရီရယ် ဂျေဇူးက မနေ့ညက ပြင်သစ် လီဂူးကလပ် လန်းစ်အသင်းနဲ့ ယှဥ်ပြိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် ပွဲစဥ်မှာ ဂိုးဒါဇင်ဝက်ထိ အပြတ်အသတ် သွင်းယူခဲ့ရင်း ရှုံးကြွေးဆပ်ခဲ့ရတဲ့အပေါ် ကျေနပ်မိနေပါတယ်။

ပြင်သစ်မြေမှာတုန်းက (2-1) နဲ့ အနိုင်ယူထားတဲ့ လန်းစ်ကို လန်ဒန်မြေမှာတော့ ဂျေဇူးကိုယ်တိုင် သွင်းဂိုးတစ်ဂိုး သွင်းယူခဲ့သလို ဆာကာ မာတင်နယ်လီ အိုဒီဂတ် ဟာဗက်ဇ် နဲ့ ဂျော်ဂျင်ဟိုတို့ပါ တစ်ဂိုးစီ သွင်းယူရင်း (၆)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် နိုင်ပွဲရခဲ့ပါတယ်။

 

Photo Credit : O TEMPO

ဒီပွဲရလဒ်ကြောင့်ရော အစောပိုင်း ကစားခဲ့တဲ့ ဆီဗီလာ နဲ့ PSV ပွဲမှာလည်း PSV အနိုင်ရလိုက်တာကြောင့်ပါ အာဆင်နယ်က ဒီအုပ်စုရဲ့ အုပ်စုဗိုလ်အနေနဲ့ နောက်တစ်ဆင့်ကို လွတ်လွတ်ကျွတ်ကျွတ် တက်လှမ်းခွင့် ရရှိသွားခဲ့ရပါတယ်။

ဒီနိုင်ပွဲအကြောင်းနဲ့ ပတ်သက်ပြီး ဂျေဇူးက “ကျွန်တော်တို့တွေ မယုံကြည်နိုင်လောက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်။ အားလုံးကလည်း ပွဲကို အာရုံစိုက်ထားတယ်။ ထိန်းချုပ်လည်း ကစားနိုင်ခဲ့တယ်။ သူတို့က ဒုတိယပိုင်းမှာ ကျွန်တော်တို့ကို ဒုက္ခပြန်ပေးဖို့ လုပ်ဆောင်ခဲ့ပေမယ့်လည်း ပွဲအပြီးမှာတော့ ကျွန်တော် ကစားခဲ့တာ အံ့မခန်းပါပဲ။”

Photo Credit : The Athletic

“တစ်သင်းလုံးက ထိပ်တန်း စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့တယ်။ ကျွန်တော်တို့တွေ ဒီလို စွမ်းဆောင်မှုမျိုးကို ထိန်းထားနိုင်ရမယ်။ အိမ်ကွင်းမှာ ကစားရတဲ့အခါတိုင်း ပရိသတ်တွေရဲ့ အားပေးမှုက အံ့အားသင့်စရာကောင်းတယ်။ သူတို့က ကျွန်တော်တို့တွေ နိုင်ပွဲ ဖော်ဆောင်ဖို့ တွန်းအားပေးနေခဲ့တယ်။”

“ကျွန်တော်တို့ကလည်း နိုင်ပွဲရယူပြီး နောက်တစ်ဆင့် တက်ချင်ခဲ့တယ်။ တစ်သင်းလုံးကိုလည်း ကျွန်တော် ဂုဏ်ပြုမိပါတယ်။ ကျွန်တော်တို့ တစ်ဂိုးမှ ခွင့်မပြုလိုက်ရပဲ Clean Sheet ပွဲတစ်ပွဲ ပုံဖော်နိုင်ခဲ့ပြီး နောက်ဆုံးမိနစ်တွေမှာလည်း ဂိုးသွင်းနိုင်ခဲ့ပါသေးတယ်။ ဒါက ပြီးပြည့်စုံတဲ့ နိုင်ပွဲပါပဲ။” လို့ ပြောဆိုသွားခဲ့ပါတယ်။