ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးကနေ လန်ဒန်မြို့ခံ နာမည်ကြီးကလပ် အာဆင်နယ်ဆီ ပြောင်းရွှေ့လာခဲ့တဲ့ ဘရာဇီးလ် တိုက်စစ်မှူး ဂါဘရီရယ် ဂျေဇူးကတော့ သူဟာ အာဆင်နယ်နဲ့ အတူ ရနိုင်သမျှ ဆုဖလားတွေ အားလုံးကို အရယူဖို့ အာဆင်နယ်ဆီ ပြောင်းရွှေ့လာခဲ့တာပါလို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ဂါဘရီရယ် ဂျေဇူးက ပါးလ်မီးရက်စ် ကနေ မန်ချက်စတာ စီးတီးဆီ ပြောင်းရွှေ့လာခဲ့ပြီးနောက် သူဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း တိုက်စစ်မှူးတွေထဲက တဦး ဖြစ်ကြောင်းကို သက်သေပြနိုင်ခဲ့သူ ဖြစ်ပြီး မန်ချက်စတာ စီးတီးက လူငယ်ကြယ်ပွင့် တိုက်စစ်မှူးတွေ ဖြစ်တဲ့ အာလင်း ဟာလန်းနဲ့ ဂျူလီယန် အယ်ဗာရက်တို့ကို ခေါ်ယူခဲ့တာကြောင့်သာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ သေချာတဲ့ အာဆင်နယ်ဆီ ပြောင်းရွှေ့လာခဲ့တာပါ။

Photo Credit: Team Talk

ဂါဘရီရယ် ဂျေဇူးက အာဆင်နယ်ဆီ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး အာဆင်နယ်က ဂျေဇူးအတွက် မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့ကြေး ပေါင် ၄၅သန်း + အပိုဆုကြေး ပေါင် ၃သန်း ပေးချေခဲ့ရကာ ဂျေဇူးကတော့ အာဆင်နယ်မှာ ကျောနံပါတ်၉ကို ဝတ်ဆင် ကစားဖို့ ရှိနေပါတယ်။

ဂျေဇူးက အာဆင်နယ်မှာ ဘရာဇီးလ်အသင်းဖော် မာတီနယ်လီ ၊ အင်္ဂလန်ကြယ်ပွင့် ဆာကာ ၊ နော်ဝေကြယ်ပွင့် အိုဒီဂတ်တို့နဲ့ ပူးပေါင်းကာ တိုက်စစ်ပိုင်းကို အဓိက ဦးဆောင်ရမယ့် ကစားသမား ဖြစ်ပြီး ဂျေဇူးကတော့ သူဟာ အာဆင်နယ်ရဲ့ စီမံကိန်းကို ယုံကြည်တာကြောင့် ဆုဖလား ရဖို့ သေချာတဲ့ မန်ချက်စတာ စီးတီးကနေ အာဆင်နယ်ဆီ ပြောင်းရွှေ့ခဲ့တာ ဖြစ်သလို အာဆင်နယ်နဲ့အတူ ရနိုင်သမျှ ဆုဖလားတွေ အားလုံးကို အရယူဖို့ ဆုံးဖြတ်ထားကြောင်းလည်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Team Talk

ဂျေဇူးက – “ပထမဦးဆုံးအနေနဲ့ ကျွန်တော်က အသင်းမှာ အခြေကျဖို့ အရင်ဆုံး လုပ်ရပါမယ်။ အသင်းမှာ အခြေကျမယ် ၊ အသင်းဖော်တွေနဲ့ အတွဲညီလာမယ် ၊ အသင်းရဲ့ ကစားကွက်နဲ့ အံဝင်လာမယ် ဆိုရင် ကျွန်တော့်ရဲ့ ခြေစွမ်းကောင်းတွေကို မြင်တွေ့ရမှာ အသေအချာပါပဲ။ ဒါက ဘောလုံးသမားတိုင်း လုပ်ရမယ့် အရာတွေပါ။ ပြီးတော့ ကျွန်တော်က ရာသီကုန်ချိန်မှာ အသင်းနဲ့အတူ ဆုဖလား တလုံးကို ရယူချင်ပါတယ်။ အသင်းမှာ ရှိတဲ့ လူတိုင်းက ဆုဖလားတွေ ရယူချင်ကြပါတယ်။ ဆုဖလားတွေ ရယူတာကပဲ ကျွန်တော့်ရဲ့ နာမည်ကို ဒီအသင်းရဲ့ သမိုင်းကြောင်းမှာ ရေးထိုးနိုင်မယ့် တခုထဲသော နည်းလမ်းပါ။ အာဆင်နယ်က ကြီးမားတဲ့ စီမံကိန်း တခု ရှိနေတဲ့ အသင်းကောင်း တသင်းပါ။ အီဒူးက ကျွန်တော့်ကို အသင်းရဲ့ စီမံကိန်းအကြောင်း ရှင်းပြတဲ့အချိန်မှာ ကျွန်တော်က အတော်လေး စိတ်လှုပ်ရှားခဲ့ရပါတယ်။ ကျွန်တော်က အာဆင်နယ်နဲ့အတူ ဆုဖလားတွေ ရယူချင်တယ်။ ရနိုင်သမျှ ဆုဖလား အားလုံးကို သိမ်းပိုက်ချင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။