ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ နည်းပြဖြစ်သူ အာတီတာက သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ဂါဘရီရယ် ဂျေဇူးဟာ ယခုတပတ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အာဆင်နယ် ၄-၂ လက်စတာ စီးတီး ပွဲစဉ်မှာ အာဆင်နယ် အတွက် ၂ဂိုးသွင်း ၊ ၂ဂိုး ဖန်တီးပေးနိုင်ခဲ့ကာ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ရခဲ့ပေမယ့် နောက်ထပ် သွင်းဂိုးတွေ ထပ်မသွင်းနိုင်တာကြောင့် စိတ်ပျက်နေခဲ့ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၂) အဖြစ် ကစားရခက်တဲ့ လက်စတာ စီးတီးကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရပေမယ့် ဂါဘရီရယ် ဂျေဇူး ဦးဆောင်တဲ့ တိုက်စစ်ပိုင်းရဲ့ အစွမ်းပြမှုကြောင့် လက်စတာ စီးတီးကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့ပြီး အဆိုပါပွဲစဉ်မှာ ဂျေဇူးက အာဆင်နယ် အတွက် ၂ဂိုးသွင်း ၊ ၂ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Photo Credit: Sports Brief

 

ဂါဘရီရယ် ဂျေဇူးက မန်ချက်စတာ စီးတီးကနေ အာဆင်နယ်ထံ ပြောင်းရွှေ့လာပြီးနောက် အသင်းသစ်နဲ့ ချက်ချင်းဆိုသလို အထိုင်ကျခဲ့ပြီး လက်စတာ စီးတီးနဲ့ ပွဲစဉ်မှာလည်း တကိုယ်တော် ခြေစွမ်းတွေနဲ့အတူ သွင်းဂိုး ၂ဂိုးကို ပထမပိုင်း ပွဲကစားချိန် အတွင်းမှာပဲ သွင်းယူနိုင်ခဲ့ပါတယ်။

ဂျေဇူးက ပထမပိုင်းမှာတင် သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ဟက်ထရစ် ရတော့မယ်လို့ ထင်မှတ်ခံခဲ့ရပေမယ့် ဂျေဇူးဟာ ဒုတိယပိုင်းမှာတော့ ရရှိလာတဲ့ ဂိုးသွင်းခွင့်တွေကို သွင်းဂိုး အဖြစ် မပြောင်းလဲနိုင်ခဲ့တာကြောင့် ၂ဂိုးထဲနဲ့သာ ပွဲကို အဆုံးသတ်ခဲ့ရပါတယ်။

Photo Credit: Sports Brief

အာဆင်နယ်နည်းပြ ဖြစ်သူ အာတီတာကတော့ ဟက်ထရစ် ရဖို့ နီးစပ်ခဲ့တဲ့ ဂါဘရီရယ် ဂျေဇူးဟာ လက်စတာ စီးတီးကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ကြောင်း ဝန်ခံသွားခဲ့ပြီး ဂျေဇူးဟာ သွင်းဂိုးတွေကို ဆာလောင်တဲ့ ကစားသမားမျိုး ဖြစ်ကြောင်းလည်း ချီးကျူးသွားခဲ့ပါတယ်။

အာတီတာက – “ဂျေဇူးက ၂ဂိုးသွင်း ၊ ၂ဂိုး ဖန်တီးနိုင်ခဲ့ပေမယ့် ပွဲပြီးတော့ အဝတ်လဲခန်းထဲမှာ စိတ်ပျက်နေခဲ့ပါတယ်။ ဒါက သူ့ရဲ့ စိတ်ဓာတ်ပါ။ ဂျေဇူးက ၂ဂိုး သွင်းနိုင်ခဲ့တာတောင် ဂိုးတွေ ထပ်ပြီး သွင်းချင်တဲ့ လူစားမျိုးပါ။ သူက နောက်ထပ် ၂ဂိုးလောက် ထပ်သွင်းနိုင်ခဲ့သင့်တယ်လို့ ကျွန်တော့်ကို ပြောခဲ့ပါသေးတယ်။ ဒီလိုမျိုး အနိုင်ရချင်တဲ့ စိတ်ဓာတ်ကို ကျွန်တော် သဘောကျပါတယ်” လို့ ဂျေဇူးရဲ့ အကြောင်းတွေကို ပြန်လည် ဖောက်သည်ချသွားခဲ့တာပါ။