အာဆင်နယ် တိုက်စစ်ကစားသမား ဂါဘရီရယ်ဂျေဇူးဟာ လိဒ်စ်ယူနိုက်တက်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်စဥ်ပွဲမှာ သွင်းဂိုး (၂)ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ပွဲချိန်ပြည့် မကစားခဲ့ရတဲ့အပေါ် စိတ်ပျက်မိရတယ်လို့ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပနေစဉ်အတွင်း ဆိုးရွှားလွန်းလှတဲ့ ဒူးဒဏ်ရာကို ရရှိသွားလို့ လပေါင်းများစွာ အနားယူခဲ့ရတဲ့ ဂျေဇူးဟာ ပြီးခဲ့တဲ့ မတ်လထဲမှာ ကျင်းပခဲ့တဲ့ အာဆင်နယ် နဲ့ ဖူလ်ဟမ်တို့ရဲ့ လန်ဒန်ဒါဘီပွဲမှသာ ပြန်လည် ကစားနိုင်ခဲ့ရပါတယ်။ ဒဏ်ရာ သက်သာခါစဖြစ်လို့ မိနစ် အနည်းငယ်လောက်သာ ပါဝင်ရသေးတဲ့ ဂျေဇူးဟာ လိဒ်စ်နဲ့ပွဲစဉ်မှာတော့ ပွဲထွက်လူစာရင်းထဲ ပါဝင်လာခဲ့သလို အသင်းအတွက်ကိုပါ သွင်းဂိုး(၂)ဂိုးအထိ သွင်းယူပေးသွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂျေဇူးက ပွဲချိန် တစ်နာရီလောက်သာ ကစားခွင့်ရခဲ့တဲ့အပေါ်ကိုတော့ စိတ်ပျက်မိရကြောင်း ပြောဆိုသွားခဲ့ပါတယ်။

“ကစားသမားတိုင်းက မိနစ်(၉၀)လုံး အပြည့်အဝ ကစားချင်ကြမှာတော့ သိသာပါတယ်။ ကျွန်တော်လည်းပဲ ဒီအတိုင်းပါပဲ။ ကျွန်တော်အနေနဲ့ ပွဲချိန်တွေ အခုထက် ပိုကစားခွင့်ရဖို့ ready ဖြစ်နေပြီလို့ ထင်ပါတယ်။ ဒါပေမယ့်လည်း ကွင်းလယ်ဒိုင်က ကျွန်တော့်ကို လှမ်းခေါ်ပြီး မင်း လူစားလဲရမယ်လို့ ပြောလာချိန်မှာတော့ ကျွန်တော် အနည်းငယ်လေး စိတ်ပျက်သွားခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ဆက်ပြီး ကစားချင်သေးလို့ပါ။ ဒါပေမယ့်လည်း နည်းပြနဲ့ တခြား ကစားသမားတွေကိုလည်း ကျွန်တော် လေးစားရပါလိမ့်မယ်။ ဆိုတော့ မိနစ်(၆၀) ဆိုပေမယ့်လည်း အတော်လေး ပျော်ရွှင်ရပါတယ်” လို့ ဂျေဇူးက ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဂျေဇူးဟာ အာဆင်နယ်အသင်းအတွက် (၇)ဂိုးသွင်း (၇)ဂိုးဖန်တီးထားနိုင်ပြီး အသင်းကို ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာအောင် အကောင်းဆုံး စွမ်းဆောင်ပေးလျက် ရှိနေပါတယ်။