ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ဂါဘရီရယ် ဂျေဇူးက ရာသီကြို လေ့ကျင့်ခန်း ဆင်းနေရင်း ဒူးဒဏ်ရာ ရရှိသွားတာကြောင့် အာဆင်နယ်ရဲ့ ရာသီအစ ပွဲစဉ်တချို့ကို လွဲချော်တော့မယ်လို့ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sportsက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ဂါဘရီရယ် ဂျေဇူးက ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ မန်ချက်စတာ စီးတီး ကနေ အာဆင်နယ်ဆီ ပြောင်းရွှေ့ကြေး ယူရို ၅၂သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက အာဆင်နယ်ဆီ ရောက်ရောက်ချင်းမှာပဲ အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဂါဘရီရယ် ဂျေဇူးက အသင်းဖော်တွေနဲ့ ချိတ်ဆက် ကစားရာမှာ ထူးချွန်သလို တိုးအား ၊ ရုန်းအား ကောင်းတဲ့ တိုက်စစ်မှူး တဦး ဖြစ်တာကြောင့် ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက ဂါဘရီရယ် ဂျေဇူးဟာ အာဆင်နယ်ရဲ့ အောင်မြင်မှုတွေ အတွက် အဓိကကျမယ့် တိုက်စစ်မှူး အဖြစ် သတ်မှတ်ထားကြပါတယ်။

ဂျေဇူးက အာဆင်နယ်ရဲ့ ရာသီကြို ခြေစမ်းပွဲ ခရီးစဉ်အတွင်းမှာလည်း အသင်းအတွက် ၄ပွဲ အထိ ပါဝင် ကစားပေးနိုင်ခဲ့ပေမယ့် ဂျေဇူးဟာ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အာဆင်နယ်နဲ့ မိုနာကိုတို့ရဲ့ အမ်းမရိတ်ဖလားပွဲ အတွက် လေ့ကျင့်ခန်း ပြုလုပ်နေရင်း ဒူးဒဏ်ရာ ရရှိခဲ့ပါတယ်။

Photo Credit: Sky Sports

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sportsရဲ့ ဖော်ပြချက်အရ ဂျေဇူးက အမ်းမရိတ်ဖလားပွဲ အတွက် လေ့ကျင့်ခန်း ပြုလုပ်နေရင်း ဒူးဒဏ်ရာ ရရှိသွားခဲ့ပြီး အဆိုပါ ဒူးဒဏ်ရာကြောင့် ဂျေဇူးဟာ အာဆင်နယ်ရဲ့ ရာသီအစ ပွဲတချို့ကို လွဲချော်တော့မယ်လို့ သိရပါတယ်။

အာဆင်နယ်က လာမယ့် ဩဂုတ်လ ၆ရက်နေ့မှာ မန်ချက်စတာ စီးတီးနဲ့ ကွန်မြူနတီဒိုင်းလုပွဲ ကစားရဖို့ ရှိနေသလို ယခုလ အတွင်းမှာ အာဆင်နယ်က နော်တင်ဟမ် ဖောရက်စ် ၊ ခရစ္စတယ် ပဲလေ့စ် ၊ ဖူလ်ဟမ် စတဲ့ အသင်းတွေနဲ့ ပရီးမီးယားလိဂ် ရာသီအစပွဲတွေကို ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး ဂျေဇူးက အဆိုပါပွဲတွေ အားလုံးကို လွဲချော်ဖွယ် ရှိပါတယ်။