ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ပေါလ် မာဆန်ကတော့ သူ့ရဲ့ အသင်းဟောင်းဟာ မန်ချက်စတာ စီးတီးရဲ့ အပယ်ခံ တိုက်စစ်မှူး ဂျေဇူးကိုသာ ရအောင် ခေါ်နိုင်ရင် ပရီးမီးယားလိဂ်ရဲ့ ထိပ်သီး ၄သင်း စာရင်းထဲ ပြန်ဝင်နိုင်လိမ့်မယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

အာဆင်နယ်ဟာ တချိန်တုန်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိစံချိန်နဲ့ အမှတ်ပေးဖလားကို အရယူနိုင်ခဲ့တဲ့ အထိ ကြီးစိုးနိုင်ခဲ့သလို အမြဲတမ်းလိုလို ချန်ပီယံလိဂ်ဝင်ခွင့် ဖြစ်တဲ့ အဆင့်၄အတွင်းလည်း ဝင်ရောက်နိုင်ခဲ့ပေမယ့် အသင်းရဲ့ ဂန္တဝင်နည်းပြကြီး အာစင်ဝင်းဂါး မရှိတော့တဲ့နောက် ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ ရုန်းကန်ခဲ့ရသလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း အဆင့်၅နေရာနဲ့သာ ကျေနပ်ခဲ့ရပြန်ပါတယ်။

Photo Credit: Sportskeeda

ဒါကြောင့်ပဲ အာဆင်နယ်ရဲ့ တာဝန်ရှိသူတွေက ယခု နွေဈေးကွက် အတွင်းမှာ အသင်းကို တတ်နိုင်သမျှ အင်အားဖြည့်တင်းပြီး အဆင့်၄အတွင်း ဝင်ရောက်နိုင်အောင် ပြန်လည် ကြိုးပမ်းဖို့ ဆုံးဖြတ်ထားပြီး မန်ချက်စတာ စီးတီးရဲ့ တိုက်စစ်မှူး ဂါဘရီရယ် ဂျေဇူးဟာ အာဆင်နယ်ရဲ့ ထိပ်သီးပစ်မှတ်ပဲ ဖြစ်ပါတယ်။

အသက် ၂၅နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ဂါဘရီရယ် ဂျေဇူးဟာ ယခု နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ စီးတီးကို စွန့်ခွာမယ့် ကစားသမား အနည်းစုထဲက တဦး ဖြစ်ပြီး လက်ရှိအချိန်မှာ အာဆင်နယ်က ဂျေဇူးကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ဖို့ နီးစပ်နေသလို မန်ချက်စတာ စီးတီးနဲ့လည်း ဂျေဇူးရဲ့ ပြောင်းရွှေ့ကြေး အတွက် တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

Photo Credit: Sportskeeda

ဝါရင့် ဘောလုံးရေးရာ သုံးသပ်သူကြီး မာဆန်ကတော့ အာဆင်နယ်ရဲ့ ဂျေဇူးအား ခေါ်ယူဖို့ ကြိုးပမ်းနေမှုကို အတော်လေး သဘောကျနေပြီး ဂျေဇူးက အာဆင်နယ် အတွက် အားအင်တခု ဖြစ်လာနိုင်ကြောင်း ဆိုလာပါတယ်။

မာဆန်က – “အာဆင်နယ်ကသာ ထိပ်သီး ၄သင်း စာရင်းထဲ ပြန်ဝင်ချင်ရင် ဂါဘရီရယ် ဂျေဇူးကို မရရအောင် ခေါ်ယူဖို့ လိုအပ်ပါတယ်။ သူတို့က ဂျေဇူးကို မဖြစ်မနေ ရအောင် ခေါ်သင့်ပါတယ်။ တကယ်လို့ သူတို့သာ ဂျေဇူးကို မခေါ်နိုင်ရင် သူတို့ရဲ့ အပြောင်းအရွှေ့ ဈေးကွက် တခုလုံးက အဟောသိကံ ဖြစ်သွားပါလိမ့်မယ်။ သူတို့က ဖေဘီယို ဗီအဲရာလို့ လူငယ်ကြယ်ပွင့်တွေကို လိုနေတာ မဟုတ်ပါဘူး။ သူတို့ လိုအပ်နေတာက ဂျေဇူးလို အတွေ့အကြုံ များပြားတဲ့ ကစားသမားကောင်းပါ။ အာဆင်နယ်က ဂျေဇူးရဲ့ အပြောင်းအရွှေ့ကို ခပ်မြန်မြန် အဆုံးသတ်ဖို့ လိုပါတယ်။ ကျွန်တော်ကတော့ ဂျေဇူးဟာ အာဆင်နယ်ကို အသင်းကြီး တသင်း ပြန်ဖြစ်လာအောင် ပြောင်းလဲပေးနိုင်မယ်လို့ တွေးထားပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။