ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ဂါဘရီရယ် ဂျေဇူးကတော့ ယမန်နေ့ညမှာ ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်မှာ အာဆင်နယ်က အနိုင်မရခဲ့ပဲ သရေရလဒ်သာ ရခဲ့တာဟာ သူ့ရဲ့ အဆုံးသတ် အားနည်းမှုတွေကြောင့် ဖြစ်ကြောင်း ပွဲအပြီးမှာ ဝန်ခံသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဆင့်(၁)နေရာကို သိမ်းပိုက်ထားနိုင်တဲ့ အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၁၃) အဖြစ် ကစားရခက်တဲ့ ဆောက်သမ်တန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ အဓိက ကွင်းလယ်လူ ချာကာရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုး ပြန်လည် ခွင့်ပြုပေးခဲ့ရတာကြောင့် တဖက် တဂိုးစီနဲ့ သရေရလဒ်သာ ရရှိခဲ့ပါတယ်။

Photo Credit: All Football

ဆောက်သမ်တန်ရဲ့ အိမ်ကွင်း စိန့်မေရီမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ အာဆင်နယ်က ပထမပိုင်းမှာ ဆောက်သမ်တန်ကို ဖိကစားနိုင်ခဲ့သလို ဂိုးသွင်းခွင့်တွေလည်း အမြောက်အမြား ဖန်တီးနိုင်ခဲ့ပေမယ့် တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ ဆာကာ ၊ ဂျေဇူးနဲ့ အိုဒီဂတ်တို့ရဲ့ ဂိုးသွင်း မသေချာမှုတွေကြောင့် ပထမပိုင်းမှာ ချာကာရဲ့ တဂိုးထဲနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဒုတိယပိုင်း အရောက်မှာတော့ အိမ်ရှင် ဆောက်သမ်တန်က ချေပဂိုး ပြန်လည် ရရှိဖို့ ကြိုးစားလာခဲ့ပြီး အာဆင်နယ်ကတော့ ပွဲဆက်များနေမှုကြောင့် ကစားသမားတွေရဲ့ ခွန်အားကို ချွေတာတဲ့အနေနဲ့ အနိုင် တဂိုးကိုသာ ထိန်းကစားဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့ပဲ ပွဲချိန် ၆၅မိနစ်မှာပဲ ဆောက်သမ်တန် တောင်ပံကစားသမား အမ်းစထရောင်းရဲ့ ချေပဂိုးကို ပြန်လည် ခွင့်ပြုပေးခဲ့ရပါတယ်။

Photo Credit: All Football

ဆောက်သမ်တန်နဲ့ သရေကျခဲ့တာကြောင့် အာဆင်နယ်က အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပေမယ့် ဒုတိယနေရာမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးနဲ့ ရမှတ် ၂မှတ်သာ ကွာဟတော့ပြီး အာဆင်နယ်ရဲ့ အဓိက တိုက်စစ်မှူး ဂျေဇူးကတော့ ပွဲဆက်များမှုကြောင့် သူတို့အသင်းရဲ့ ခြေစွမ်းပိုင်းတွေ ကျဆင်းလာကြောင်း ဝန်ခံခဲ့သလို သူ့ရဲ့ အဆုံးသတ် အားနည်းချက်ကြောင့်ပဲ အသင်းဟာ သရေရလဒ်နဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ကြောင်း ဆိုလာပါတယ်။

ဂျေဇူးက – “ဒီနေ့ပွဲမှာ ကျွန်တော်တို့ရဲ့ ခြေစွမ်းပိုင်းက ပုံမှန်ထက် နိမ့်ပါးနေခဲ့တယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့က ဘောလုံး ရှိတဲ့ အချိန်မှာရော ၊ ဘောလုံးမရှိတဲ့ အချိန်တွေမှာပါ ကောင်းကောင်း မကစားနိုင်ခဲ့ပါဘူး။ တခါတလေတော့ ဒီလိုမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်တို့အသင်းက ငယ်ရွယ်တဲ့ အသင်းပါ။ ဒါကြောင့် တခါတလေကျရင် ပွဲတွေမှာ ဒီထက် ပိုပြီး အာရုံစိုက်ဖို့ လိုအပ်တာမျိုးလေးတွေ ရှိတတ်ပါတယ်။ ဒီနေ့ပွဲမှာဆိုရင် ကျွန်တော်တို့က ဂိုးသွင်းခွင့်တွေ အမြောက်အမြား ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ရလာတဲ့ အခွင့်အရေးတွေကို သေချာ အသုံးမချနိုင်ခဲ့ပါဘူး။ ကျွန်တော် ကိုယ်တိုင်လည်း အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော့်ရဲ့ အပြစ်လည်း ပါတယ်လို့ ဝန်ခံချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပွဲမှာ ကျွန်တော်ကလည်း ဂိုးသွင်းခွင့်တွေ ရခဲ့တယ်လေ။ တကယ်လို့ ကျွန်တော်သာ ဂိုး ၁ဂိုးလောက် သွင်းနိုင်ခဲ့ရင် ကျွန်တော်တို့အသင်းက အနိုင်ရခဲ့မှာပါ” လို့ ဖွင့်ဟ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။