MySport Myanmar

လာမယ့်နွေမှာ ထိပ်တန်း Free Agents ကစားသမား(၃)ဦးကို ခေါ်ယူသွားမယ့် ဝက်စ်ဟမ်း

ဒီနှစ်ဘောလုံးရာသီမှာ ယူရိုပါလိဂ်ပြိုင်ပွဲအတွင်း ကွာတားဖိုင်နယ်အဆင့်ထိကို တတ်လှမ်းထားခဲ့ရပြီး အသင်းရဲ့ သမိုင်းတွင်နိုင်လောက်မယ့် အောင်မြင်မှုမျိုးကိုပါ ရယူနိုင်ဖို့ အခြေအနေကောင်းနေရတဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းဟာ လာမယ့်ရာသီအတွက်ကိုပါ ပြင်ဆင်တဲ့အနေနဲ့ နွေစျေးကွက်ထဲမှာ free agents ဖြစ်လာတော့မယ့် အရည်အသွေးမြင့် ကစားသမား(၃)ယောက်ကိုပါ ခေါ်ယူအားဖြည့်သွားဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

ဒီကစားသမားတွေကတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျက်ဆီလင်ဂတ် ဘန်လေအသင်းရဲ့ ဗဟိုနောက်ခံကစားသမား ဂျိမ်းစ်တာကောစကီးနဲ့ ဘလက်ဘန်းအသင်းရဲ့ တိုက်စစ်ကစားသမား ဘန်ဘရက်တန်ဒီယက်ဇ်တို့ ဖြစ်ပါတယ်။ ဒီကစားသမားတွေအားလုံးက လာမယ့် ၂၀၂၂ ဇွန်လ(၃၀)ရက်နေ့မှာပဲ သက်ဆိုင်ရာ ကလပ်အသင်းတွေနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ ဝက်စ်ဟမ်းအသင်းကနေ ဒီကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူအားဖြည့်သွားချင်နေတာ ဖြစ်ပါတယ်။

Photo Credit : Twitter

အင်္ဂလန် ကစားသမား လင်ဂတ်က ဝက်စ်ဟမ်းအသင်းမှာ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွင်း ရာသီဝက်အငှားနဲ့ လာရောက်ကစားခဲ့ဖူးပြီး အသင်းမှာ အတော်လေး ခြေစွမ်းပြနိုင်ခဲ့သလို အသင်းကိုလည်း ယူရိုပါလိဂ်ထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဝက်စ်ဟမ်းဘက်က လင်ဂတ်ကို အပြီးသတ် ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် အခုလို free agent ဖြစ်လာမယ့် အချိန်မျိုးမှာ အရခေါ်ယူသွားဖို့ ထပ်မံပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။ ဒါပေမယ့် လင်ဂတ်ကို ဝက်စ်ဟမ်းအပြင် ပရီးမီးယားလိဂ် အသင်းအများအပြားနဲ့ ဥရောပအသင်းတချို့ကပါ စိတ်ဝင်စားလျက် ရှိနေလို့ အပြိုင်အဆိုင် ကြိုးပမ်းရဖွယ် ရှိနိုင်ပါတယ်။ အသက်(၂၂)နှစ်သာ ရှိနေသေးတဲ့ ချီလီတိုက်စစ်ကစားသမား ဒီယက်ဇ်ဟာလည်း ဘလက်ဘန်းအသင်းနဲ့အတူ တောက်ပနေတဲ့ ကစားသမားလေးဖြစ်လို့ ဝက်စ်ဟမ်းဘက်က အရခေါ်ယူချင်နေပြီး အသက်ငယ်ရွှယ်သေးသလို ဂိုးသွင်းအားလည်း ကောင်းမွန်တဲ့ ဒီယက်ဇ်ကိုလည်း အသင်းအများအပြားက စိတ်ဝင်စားနေပါတယ်။ ပရီးမီးယားလိဂ် အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ တာကောစကီးကသာ ဝက်စ်ဟမ်း ပစ်မှတ်ထားနေတဲ့ ကစားသမားတွေထဲမှာ အသင်းကို ရောက်လာနိုင်ခြေ အရှိဆုံး ဖြစ်နေရပြီး ဒီကစားသမားတွေကိုလည်း အခြားအသင်းတွေ စိတ်ဝင်စားနေပေမယ့် တာကောစကီးကိုယ်တိုင်က ဝက်စ်ဟမ်းကိုသာ ရွေးချယ်ဖွယ် ရှိနေရပါတယ်။

Exit mobile version