ရိန်းဂျား တိုက်စစ်မှူး ဒီဖိုးကတော့ လက်ရှိအချိန်မှာ ဘောလုံးက အရေးကြီးဆုံး အရာမဟုတ်ဘဲ ဘောလုံးထက် အရေးကြီးတဲ့ အရာတွေ အများကြီး ဖြစ်နေတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ တိုက်စစ်မှူး ဒီဖိုးဟာ လက်ရှိအချိန်မှာ စကော့တလန် ကလပ် ရိန်းဂျားအသင်းမှာ ကစားနေပြီး ပရီးမီးယားလိဂ် ကလပ် ဘုန်းမောက်အသင်းကနေ အငှားနဲ့ သွားကစားနေတာပဲ ဖြစ်ပါတယ်။ စကော့တလန်နိုင်ငံက ဘောလုံး ပြိုင်ပွဲတွေကို ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ပြီးခဲ့တဲ့ မတ်လ (၁၃) ရက်နေ့ကတည်းက ရပ်နားထားပြီး ပြန်ကစားမယ့်နေ့ကို မသတ်မှတ်ရသေးလျက်ပါပဲ။

Photo Credit: FourFourTwo

တိုက်စစ်မှူး ဒီဖိုးကတော့ လက်ရှိရာသီမှာ စကော့တလန် ပရီးမီးယားလိဂ်ရှစ် ပွဲစဉ် (၂၀) ပွဲ ကစားထားရာမှာ သွင်းဂိုး (၁၃) ဂိုး နဲ့ ဂိုးဖန်တီးမှု (၁) ကြိမ်အထိ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ တိုက်စစ်မှူး ဒီဖိုးဟာ (၂၀၁၈-၁၉) ရာသီက ဘုန်းမောက်အသင်းမှာ (၈) ပွဲသာ ကစားခဲ့ရတဲ့ အတွက်ကြောင့် (၂၀၁၉) ခုနှစ်၊ ဇန်နဝါရီလမှာ ရိန်းဂျားအသင်းကို အငှားနဲ့ ပြောင်းခဲ့ပါတယ်။ သူဟာ ရိန်းဂျားအသင်းကို (၁၈) လကြာ အငှား စာချုပ်နဲ့ ပြောင်းခဲ့ပြီး သူက လက်ရှိအချိန်မှာ လူတွေ နေ့စဉ် သေဆုံးနေတာကြောင့် ဘောလုံးက အရေးမကြီးပါဘူးလို့ ပြောသွားပါတယ်။

Photo Credit: FourFourTwo

TalkSport မှာ တိုက်စစ်မှူး ဒီဖိုးက “ကျွန်တော် အရိုးသားဆုံး ပြောရမယ်ဆိုရင် ဘောလုံးထက် ပိုပြီး အရေးကြီးတဲ့ အရာတွေက ကမ္ဘာမှာ အများကြီး ဖြစ်နေပါတယ်။ လူတွေကလည်း နေ့စဉ် သေဆုံးနေကြပြီး ဒါက ဝမ်းနည်းစရာပါပဲ။ ဒါတွေက လူတွေကို တွေးစေပြီး လူတွေ စဉ်းစားတဲ့ အချိန်မှာ ဘောလုံးက လက်ရှိအချိန်မှာ အရေးမကြီးဘူး ဆိုတာ သိကြပါတယ်။ အရေးကြီးဆုံး အရာက တကယ် ခံစားနေကြရတဲ့ လူတွေ နဲ့ ချစ်ရတဲ့ သူတွေကို ဆုံးရှုံးနေကြရတဲ့ လူတွေပါပဲ။ သေချာတာပေါ့။ ကျွန်တော်တို့ လှပတဲ့ ဘောလုံး ပြိုင်ပွဲကို သတိရကြပါတယ်။ ကျွန်တော်က ရိန်းဂျားပရိသတ်တွေကို သတိရပါတယ်။ ကျွန်တော် အရင်က ပြောခဲ့ဖူးသလို ကျွန်တော့်ရဲ့ အသင်းဖော်တွေနဲ့ အတူ မကြာခင် ဘောလုံး ကစားဖို့ ပြန်လာကြမှာပါ”လို့ ပြောသွားပါတယ်။