ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်ကြတဲ့ ချယ်လ်ဆီးနဲ့ လီဗာပူး နှစ်သင်းစလုံးမှာ ကစားခဲ့ဖူးတဲ့ အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမားဟောင်း ဂျိုကိုးလ်ကတော့ သူရဲ့ အသင်းဟောင်း နှစ်သင်း ယှဉ်ပြိုင် ကစားကြမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ချယ်လ်ဆီးက လီဗာပူးကို ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ရကာ အက်ဖ်အေ ချန်ပီယံ ဖြစ်သွားလိမ့်မယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် အင်အားကြီးအသင်း နှစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ လီဗာပူးတို့ဟာ ယနေ့ည ၁၀နာရီ ၁၅မိနစ် အချိန်မှာ အင်္ဂလန်နိုင်ငံ ဝင်ဘလေကွင်း အတွင်း၌ အက်ဖ်အေဖလား ဗိုလ်လုပွဲကို ရင်ဆိုင် ကစားကြဖို့ ရှိနေပြီး နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းက များစွာ ကွာခြားလှခြင်း မရှိတာကြောင့် ဘယ်အသင်းက ချန်ပီယံ အဖြစ် အောင်ပွဲခံသွားမလဲ ဆိုတာဟာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

Photo Credit: Metro

ဒါပေမယ့် ယခုနှစ်အတွင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ လီဗာပူးက ချယ်လ်ဆီးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့သလို လတ်တလောမှာလည်း လီဗာပူးရဲ့ ခြေစွမ်းပိုင်းက ချယ်လ်ဆီးရဲ့ ခြေစွမ်းထက် ပိုမို တည်ငြိမ်နေတာကြောင့် ကလော့ပ် ဦးဆောင်လာမယ့် လီဗာပူးကသာ ချယ်လ်ဆီးကို အနိုင်ယူနိုင်လိမ့်မယ် ဆိုတဲ့ သုံးသပ်မှုတွေ ပလူပျံအောင် ထွက်ပေါ်နေပါတယ်။

ချယ်လ်ဆီးနဲ့ လီဗာပူး နှစ်သင်းစလုံးမှာ ကစားခဲ့ဖူးတဲ့ တောင်ပံတိုက်စစ် ကစားသမားဟောင်း ဂျိုကိုးလ်ကတော့ ဘောလုံးရေးရာ ခန့်မှန်းသုံးသပ်သူ အများစုရဲ့ အမြင် ဖြစ်တဲ့ လီဗာပူးကသာ ချယ်လ်ဆီးကို နိုင်သွားလိမ့်မယ် ဆိုတဲ့ သုံးသပ်မှုကို လက်မခံခဲ့ပဲ ချယ်လ်ဆီးကသာ လီဗာပူးကို ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ရပြီး ကာရာဘောင်းဖလား ရှုံးကြွေးကို ပြန်ဆပ်သွားလိမ့်မယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။

Photo Credit: Metro

ဂျိုကိုးလ်က – “ကျွန်တော်ကတော့ ဒီပွဲမှာ ချယ်လ်ဆီးက ၁-၀ ဆိုတဲ့ ရလဒ်လောက်နဲ့ အနိုင်ရသွားမယ် လို့ ထင်နေပါတယ်။ ဒါက ကျွန်တော့်ရဲ့ နှလုံးသားကို ဦးစားပေးလိုက်လို့ ပြောမိတဲ့ စကားလည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အခုချိန်မှာ လီဗာပူးရဲ့ ခြေစွမ်းက သံသယ မဝင်နိုင်အောင်ကို ကောင်းနေလို့ပါ။ ခင်ဗျားတို့လည်း သူတို့ရဲ့ ခြေစွမ်းက ဘယ်လောက်ကောင်းလဲ ဆိုတာကို မြင်နေကြတာပဲလေ။ ဒါပေမယ့် ကျွန်တော်ကတော့ ဒီညမှာ တူဟယ်လ်က လီဗာပူးသားတွေကို အထိနာစေမယ့် ဂိမ်းပလန် တမျိုးမျိုး စီစဉ်ပြီးပြီလို့ ယုံကြည်ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဒီပွဲရဲ့ အနိုင်ရမယ့်အသင်းကို ချယ်လ်ဆီးလို့ပဲ ရွေးချင်ပါတယ်” လို့ သုံးသပ် ခန့်မှန်းသွားခဲ့တာပါ။