MySport Myanmar

အိမ်မက်တွေ လက်တွေ့မှာ ဖြစ်လာခဲ့ပြီလို့ ကြွေးကြော်လိုက်တဲ့ ဂျေးဒန် ဒန်းစ်

အသက် (၁၈)နှစ်အရွယ်သာ ရှိနေသေးတဲ့ လီဗာပူးလ် လူငယ် အကယ်ဒမီထွက် ဆယ်ကျော်သက် တိုက်စစ်ကစားသမားလေး ဂျေးဒန် ဒန်းစ်ဟာ အခုဆိုရင်တော့ သူရဲ့ စိတ်ကူးအိမ်မက်တွေကို အကောင်အထည် ဖော်လိုက်နိုင်ပြီပဲ ဖြစ်ပါတယ်။

ဂျေးဒန် ဒန်းစ်က လီဗာပူးလ်မြို့မှာ မွေးဖွားပြီး အသက် (၈)နှစ်သားအရွယ် လီဗာပူးလ်အသင်းရဲ့ ဘောလုံးအကယ်ဒမီဆီ တက်ရောက်ခဲ့ကာ သက်တမ်းအလိုက် လီဗာပူးလ်အသင်းတွေမှာ ပါဝင်ခဲ့ရင်း လက်ရှိ လီဗာပူးလ် ယူ-၁၈အသင်းမှာပါ ခြေစွမ်းပြသနေတာကြောင့် သူ့ကို စီနီယာအသင်းအထိ နေရာပေးလာခဲ့ပါတယ်။

Photo Credit : The Anfield Wrap

ဒန်းစ်က လီဗာပူးလ်နဲ့ လူတန်တောင်းတို့ရဲ့ ပွဲစဉ်မှာ လီဗာပူးလ် စီနီယာအတွက် ပထမဆုံးအကြိမ် ပါဝင်ကစားခဲ့ရပြီး ချယ်လ်ဆီးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လိဂ်ဖလားပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲစဉ်မှာလည်း ဒုတိယပိုင်း ပြီးခါနီးလောက်မှာ ပါဝင်ခဲ့ရင်း အချိန်ပို မိနစ်တွေထိပါ ဆက်တိုက် ကစားသွားခဲ့ရပါတယ်။

ချယ်လ်ဆီးနဲ့ ပွဲစဉ်မှာကတည်းက ဂိုးကန်ချက် (၂)ကြိမ်လုံးကို တိတိကျကျ ကန်သွင်းနိုင်ခဲ့တဲ့ ဒန်းစ်ဟာ ဆောက်သမ်တန်နဲ့ FA Cup ပွဲမှာလည်း ဒုတိယပိုင်း ပွဲချိန်အတွင်း ပါဝင်ခွင့် ရရှိခဲ့ပြီး အသင်းအတွက် သွင်းဂိုး (၂)ဂိုးတောင် သွင်းယူသွားနိုင်ခဲ့ပါတယ်။

Photo Credit : Yardbarker

“ဒါက ကျွန်တော်ရဲ့အိမ်မက်ပါ။ အခုတော့ အိမ်မက်တွေက တကယ်ဖြစ်လာခဲ့ရပါပြီ။ ကျွန်တော်က လီဗာပူးလ်အသင်းကို ကျွန်တော့်မွေးဖွားလာကတည်းကနေ အားပေးလာခဲ့တာပါ။ လီဗာပူးလ် ပရိသတ်တစ်ဦးအဖြစ် မွေးဖွားလာခဲ့သူပါ။ အခုတော့ အရမ်းပျော်နေလို့ အိပ်လို့တောင် မရနိုင်လောက်ဘူး။” ဆိုပြီး ဒန်းစ်က သူရဲ့ ခံစားချက်တွေကို ရင်ဖွင့်သွားခဲ့ပါတယ်။

ဒန်းစ်အတွက်တော့ ဒီရက်သတ္တပတ်က fantasy world ထဲ ရောက်သွားသလို ဖြစ်နေနိုင်ပြီး လူတန်နဲ့ပွဲမှာ စီနီယာ ကစားသမားဘဝကို ပွဲဦးထွက်ရတယ်။ နောက်ပြီး ချယ်လ်ဆီးနဲ့ပွဲမှာ လိဂ်ဖလား ချန်ပီယံ ဖြစ်တယ်။ အခု ဆောက်သမ်တန်နဲ့ပွဲမှာ ဂိုး(၂)ဂိုး စသွင်းပြီး တစ်ပွဲလုံးရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိတယ်။ ဒီကစားသမားလေးက လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှာ မဖြစ်မနေ စောင့်ကြည့်သွားရမယ့် တိုက်စစ်မှူးလေးတစ်ဦး ဖြစ်လာမှာကလည်း အသေအချာပါပဲ။

Exit mobile version