MySport Myanmar

ပီအက်စ်ဂျီ ပရိသတ်တွေ နောင်တရကြလိမ့်မယ်လို့ မာရှေယာနို သတိပေး

လီယွန်နယ် မက်ဆီအပေါ် ပီအက်စ်ဂျီအသင်း ပရိသတ်တွေ အခုလို ဆက်ဆံနေခြင်းများနဲ့ ပတ်သက်ပြီး နောက် (၁၀)နှစ်အကြာလောက်မှာ ကြီးကြီးမားမား နောင်တရလိမ့်မယ်လို့ မက်ဆီရဲ့ အသင်းဖော်ဟောင်း ဂျာဗီယာ မာရှေယာနိုက မှတ်ချက်ပေး ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Forbes

ပီအက်စ်ဂျီက ဒီ weekend ထဲမှာ လော်ရီးယန့်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် နောက်တစ်ရက်မှာပဲ အသင်းရဲ့ စူပါစတား ကစားသမား မက်ဆီက ဆော်ဒီကို မိသားစုနဲ့အတူ သွားရောက် လည်ပတ်ခဲ့ပါတယ်။ မက်ဆီက ပီအက်စ်ဂျီရဲ့ ရှုံးပွဲမတိုင်ခင် ရက်ပိုင်းအလိုလောက်ထဲက ဒီလို ခရီးသွားလာဖို့ အသင်းဆီ ခွင့်တောင်းထားခဲ့သလို အသင်းဘက်ကလည်း ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီက လီဂူး ရှုံးပွဲအပြီး နောက်တစ်နေ့ မနက်ပိုင်းမှာပဲ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို ပြောင်းလဲခဲ့သလို မက်ဆီကိုလည်း လေ့ကျင့်ခန်း ပျက်ကွက်မှု ခွင့်ပြုချက်မရှိပဲ ခရီးသွားမှုတွေနဲ့အတူ ပီအက်စ်ဂျီ အသင်းနဲ့ ပူးပေါင်းခွင့် လေ့ကျင့်ခန်းဆင်းခွင့် ပွဲကစားခွင့်တွေ ပိတ်ပင်ခဲ့ပြီး နှစ်ပတ် လုပ်ခစာ ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

Photo Credit : Goal

အသင်းဘက်က မက်ဆီကို ဒီလို ပြုမှုပြီးတဲ့နောက် အသင်းပရိသတ်တွေကလည်း ပီအက်စ်ဂျီ ဌာနချုပ်အရှေ့မှာ လာရောက် စုဝေးပြီး မက်ဆီကို ရိုင်းစိုင်း ရင့်သီးတဲ့ စကားလုံးများနဲ့ ဆဲဆိုလာကြပါတယ်။ ပီအက်စ်ဂျီ ပရိသတ် အများစုက ပြင်သစ်နိုင်ငံသားတွေ ဖြစ်နေတာမို့ သူတို့လက်ရွေးစင်အသင်းကို ကမ္ဘာ့ဖလား ဖိုင်နယ်မှာ အနိုင်ယူထားတဲ့ အာဂျင်တီးနားအသင်းရဲ့ အသင်းခေါင်းဆောင် မက်ဆီအပေါ် နေရင်းထိုင်ရင်း မုန်းတီးစိတ်တွေ ပေါ်ပေါက်နေရတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း အဲ့ဒီ ဖိုင်နယ်ပွဲပြီးကတည်းက ပီအက်စ်ဂျီ ရလဒ်ဆိုးတာနဲ့ မက်ဆီကိုပဲ ပစ်မှတ်ထားကာ လှောင်ပြောင် ကဲ့ရဲ့လာကြတာ ဖြစ်ပါတယ်။

Photo Credit : El Destape

ဒီကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး “(၁၀)နှစ်အတွင်းမှာပဲ သူတို့(ပီအက်စ်ဂျီပရိသတ်)တွေ နောင်တရကြလိမ့်မယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်အသင်းမဆို သူ့ကို (၅)မိနစ်လောက် ပိုင်ဆိုင်ထားဖို့ ဘာမဆို လုပ်ဆောင်ကြမှာ။ တစ်ခုခု ရှိလာတိုင်း မက်ဆီရဲ့ ပရော်ဖက်ရှင်နယ် ပီသမှုကို ဝေဖန်လို့ မရနိုင်ပါဘူး။ သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်နေရင်တောင် မက်ဆီလို ပရော်ဖက်ရှင်နယ်ဆန်တဲ့ ကစားသမားမျိုး ဖြစ်နေဖို့ဆိုတာ ခက်ခဲလိမ့်မယ်။ သူ့ကို ဝေဖန်ဆိုတာ မဖြစ်နိုင်ပါဘူး။ သူ့မိသားစုနဲ့ သူပျော်ရာကို သွားပါစေ။ ” လို့ မာရှေယာနို မှတ်ချက်ပေးသွားခဲ့ပါတယ်။

Exit mobile version