ဘောလုံးအသင်းတစ်သင်းက ကစားသမားတစ်ယောက်ကို ခေါ်ယူတော့မယ်ဆိုရင် ကစားသမားဘက်က သူက လစာဘယ်လောက်ကို လိုချင်တာ ဘယ်လိုအခွင့်အရေးတွေကို လိုအပ်တာ ပွဲထွက်ကစားခွင့်အတွက် အာမခံချက် ပုံရိပ်သုံးစွဲခွင့်ပတ်သက်ပြီး အကျိုးခံစားခွင့် အစရှိသဖြင့် တောင်းဆိုမှုတွေကို လုပ်ဆောင်တတ်ကြပါတယ်။ ဒါပေမယ့် ဝါရင့်ဂျပန်ကစားသမားကြီး ဟွန်ဒါကတော့ သူ့ကိုခေါ်ယူဖို့ ကြိုးပမ်းခဲ့တဲ့ ဘရာဇီးကလပ် ဘိုတာဖိုဂိုအသင်းဘက်ကို ထူးထူးခြားခြား တောင်းဆိုမှုအဖြစ် သူ့အတွက် ကျည်ကာကားတစ်စီး စီစဉ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

Photo Credit : The Sun

ဘိုတာဖိုဂိုအသင်းဟာ ဘရာဇီးနိုင်ငံရဲ့မြို့တော် ရီယိုဒီဂျနေရိုးမြို့မှာ အခြေစိုက်ထားတဲ့ အသင်းတစ်သင်းဖြစ်ပြီး ဒီဂျနေရိုးမြို့ဆိုတာကတော့ တောင်အမေရိကတိုက်မှာသာမကပဲ ကမ္ဘာပေါ်မှာပါ မှုခင်းတွေ အများဆုံးဖြစ်ပွားရာ နေရာတစ်ခုဆိုလည်း မမှားပါဘူး။ ကမ္ဘာပေါ်ရဲ့ အန္တရာယ်အများဆုံးမြို့ကြီးတွေစာရင်းမှာ အပါအဝင်ဖြစ်လို့နေတဲ့ ဒီဂျနေရိုးမြို့အတွင်းရှိ လူအယောက်၁သိန်းမှာ အနည်းဆုံး ၃၉ယောက်လောက် အသတ်ခံရပြီး သေဆုံးနေရတတ်တယ်လို့ စစ်တမ်းတွေကနေ ဖော်ပြလို့ထားပါတယ်။ ဒါကြောင့် ဒီလိုနေရာမှာ လာရောက်ကစားရမှာဖြစ်တာမို့ ဟွန်ဒါက သူ့အတွက် ကျည်ကာကားတစ်စီးကို တောင်းဆိုခဲ့ရာ ဘိုတာဖိုဂိုဘက်က လက်ခံခဲ့တာကြောင့် အပြောင်းအရွှေ့အထမြောက်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit : The Sun

အသက်၃၃နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ကွင်းလယ်တိုက်စစ်ကစားသမားကြီး ဟွန်ဒါဟာ ဂျပန်ဘောလုံးသမားတွေထဲမှာ နာမည်ကျော်ကြားသူဖြစ်ပြီး စီအက်စ်ကေအေမော်စကို အေစီမီလန်တို့လို ဥရောပထိပ်တန်းအသင်းတွေမှာ ကစားသမားဘဝကို ကျင်လည်ခဲ့ဖူးပြီး ဂျပန်လက်ရွေးစင်အသင်းနဲ့လည်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲခဲ့ရသူလည်းဖြစ်ပါတယ်။ ဟွန်ဒါဟာ ပြီးခဲ့တဲ့နှစ် ၂၀၁၉ခုနှစ်တုန်းက တိုက်စစ်ပိုင်း လိုအပ်ချက်ရှိလို့နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဆီကို လာရောက်ကစားချင်ကြောင်း သူ့ကိုခေါ်ယူမယ်ဆိုရင်လည်း လက်ခံမှာဖြစ်ကြောင်းကို တွစ်တာပေါ်မှာ ရေးသားဖော်ပြခဲ့ရင်းနဲ့ ယူနိုက်တက်နဲ့ သတင်းတွေထွက်ခဲ့ပေမယ့်လည်း ယူနိုက်တက်ကတော့ သူ့ကိုခေါ်ယူခဲ့ခြင်းမရှိပဲ နယ်သာလန်ကလပ် ဗွီတက်ဆီကသာ ခေါ်ယူဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၆လအကြာမှာ ဗွီတက်ဆီနဲ့ လမ်းခွဲခဲ့ပြီး အခုဆောင်းရာသီစျေးကွက်ရဲ့ နောက်ဆုံးရက်မှာတော့ ဘိုတာဖိုဂိုအသင်းဆီကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရောက်ရှိလာခဲ့ရတာပဲဖြစ်ပါတယ်။