လက်ရှိ ဘောလုံးရာသီမှာ စပိန် လာလီဂါပြိုင်ပွဲရဲ့ အဆင့်တစ် နေရာကို ရောက်ရှိနေတဲ့ အထိ ခြေစွမ်းပြနေတဲ့ ရီးရဲလ်ဆိုစီဒက် အသင်းရဲ့ တောင်ပံ ကစားသမား ဖြစ်သူ ဂျာနူဇက် ကတော့ သူဟာ ယူရိုပါလိဂ် ၃၂သင်းအဆင့်မှာ ဆိုစီဒက်အသင်းနဲ့ လာရောက် တွေ့ဆုံနေတဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် အသင်းကို လက်ရှိအချိန်အထိ အားပေးနေဆဲ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ အသက် ၂၅နှစ်အရွယ် ဘယ်လ်ဂျီယံ တောင်ပံ ကစားသမား ဂျာနူဇက်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦး ဖြစ်သလို အသင်းရဲ့ အတောက်ပဆုံး လူငယ်ကြယ်ပွင့် တစ်ဦးအဖြစ် သတ်မှတ် ခံခဲ့ရဖူးသူလည်း ဖြစ်ပါတယ်။

Photo Credit: Daily Mail

ဂျာနူဇက်ဟာ ၂၀၁၃ခုနှစ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ လူငယ် အကယ်ဒမီကနေ အသင်းကြီးထံ ရောက်ရှိခဲ့သူ တစ်ဦးဖြစ်ပြီး အသင်းရဲ့ ယာယီနည်းပြ ရိုင်ယန်ဂစ်ရဲ့ လက်အောက်မှာ အရေးပါတဲ့ ကစားသမား တစ်ဦး ဖြစ်ခဲ့ဖူးသူပါ။ ဂျာနူဇက်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ စီနီယာ ကစားသမားဘဝ အစမှာ အောင်မြင်မှုတွေကို ရယူနိုင်ခဲ့ပေမယ့် အသင်းထံ နယ်သာလန်လူမျိုး နည်းပြဖြစ်သူ ဗန်ဟား ရောက်ရှိလာချိန် မှာတော့ ပုံမှန် ပွဲထွက်ခွင့် မရတော့ပဲ ဒေါ့မွန်အသင်း ၊ ဆန်းဒါးလန်းအသင်းတို့ထံ အငှားနဲ့ သွားရောက် ကစားခဲ့ရပါတယ်။ ဒါပေမယ့် ဂျာနူဇက်ဟာ သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမားဘဝကို ရှည်ကြာအောင် ဆက်လက် ထိန်းသိမ်းနိုင်စွမ်း မရှိတော့ပဲ ၂၀၁၇ခုနှစ်မှာ‌တော့ ဆိုစီဒက်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၈.၅သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့ခဲ့ ရပါတယ်။

Photo Credit: Daily Mail

ဂျာနူဇက်ဟာ ဆိုစီဒက် ကစားသမားဘဝမှာ ပြိုင်ပွဲစုံ ၁၀၁ ပွဲ အထိ ပါဝင် ကစားထားခဲ့ကာ သွင်းဂိုး ၁၆ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှု ၁၅ကြိမ် ပြုလုပ် နိုင်ခဲ့ပါတယ်။ ဂျာနူဇက်ဟာ သူ့ရဲ့ ပရိသတ်တွေနဲ့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပတ်သတ်ပြီး သူ့ရဲ့ ခံစားချက်တွေကို ဖွင့်ဟ ပြောပြ သွားခဲ့ကာ သူဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို လက်ရှိအချိန် အထိ အားပေးနေဆဲ ဖြစ်ကြောင်း ဆိုသွားပါတယ်။ ဂျာနူဇက်က “ကျွန်တော်က ယူနိုက်တက်ကို အားပေးတဲ့ ကောင်လေး တစ်ယောက်ပါ။ ကျွန်တော် အဲ့ဒီနေရာမှာ ကြီးပြင်းလာတာကို အားလုံးလည်း သိပါတယ်။ ကျွန်တော်က မန်ချက်စတာမြို့ကို ချစ်တယ်။ အဲ့ဒီကလူတွေကို ခင်တယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပရိသတ်တွေကို ချစ်တယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပရိသတ် တစ်ယောက် အနေနဲ့ အသင်းကို ချန်ပီယံလိဂ်ဖလား ပြန်ရစေချင်တယ်။ ပြီးတော့ တခြား ဆုဖလားတွေရောပေါ့” လို့ ပြောကြား သွားခဲ့ပါတယ်။