ပေါ်တူဂီနာမည်ကျော်် ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ ဘင်ဖီကာအသင်းကတော့ လာမယ့်ရာသီမှာ အသင်းရဲ့လူစာရင်းအတွင်း အတွေ့အကြုံရင့် ဘောလုံးသမားကြီးတွေကို ထည့်သွင်းအားဖြည့်သွားဖို့ လုပ်ဆောင်နေကာ အသင်းလက်မဲ့ဖြစ်နေတဲ့ ဝါရင့်တိုက်စစ်မှူးကြီး အက်ဒီဆန်ကာဗာနီကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေလျက်ရှိနေတဲ့အပြင် စပါးအသင်းနဲ့ စာချုပ်ကုန်ဆုံးသွားပြီဖြစ်တဲ့ ဝါရင့်ဘယ်ဂျီယံနောက်ခံလူကြီး ဂျန်ဗာတွန်ဂန်ကိုပါ ခေါ်ယူသွားဖို့ နီးစပ်လို့နေပြီလို့ သိရှိရပါတယ်။

Photo Credit : The Times

အသက်(၃၃)နှစ်အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် ဗဟိုနောက်ခံကစားသမား ဗာတွန်ဂန်ဟာ (၈)နှစ်ကြာ ပါဝင်ကစားဖြစ်ခဲ့တဲ့ စပါးအသင်းနဲ့ လမ်းခွဲခဲ့ပြီးတဲ့နောက်မှာ သူ့အတွက် အသင်းသစ်တစ်သင်းကို ရှာဖွေလို့နေပြီး ပေါ်တူဂီသတင်းစာ Record ကနေ ဖော်ပြလာချက်အရ လတ်တလောမှာ ဗာတွန်ဂန်ဟာ ဘင်ဖီကာအသင်းနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ပြုလုပ်နေလျက်ရှိကာ အခြေအနေတွေလည်းကောင်းနေတယ်လို့ သိရှိရပါတယ်။ ဘင်ဖီကာအသင်းဟာ ဗာတွန်ဂန်လိုပဲ နောက်ထပ် အသင်းလက်မဲ့ ကစားသမားဖြစ်သူ ကာဗာနီကိုလည်း ခေါ်ယူနိုင်ဖို့ နီးစပ်လို့နေပါတယ်။

Photo Credit : Be Soccer

အေဂျက်စ်အသင်းကနေ စပါးအသင်းဆီကို လွန်ခဲ့တဲ့ ၂၀၁၂ခုနှစ်ကမှ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဗာတွန်ဂန်ဟာ စပါးအသင်းရဲ့ခံစစ်မှာ အမာခံကစားသမားတစ်ယောက်အဖြစ် နှစ်ရှည်များစွာ ဖြတ်သန်းခဲ့ပေမယ့် အသင်းနဲ့ သက်တမ်းထပ်တိုးဖို့ကို ငြင်းဆန်ခဲ့ပြီး လမ်းခွဲဖို့ကိုပဲ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဗာတွန်ဂန်လို အတွေ့အကြံုရင့်ကျက်တဲ့ နောက်ခံကစားသမားမျိုးကို အလိုရှိနေတဲ့ ဥရောပကလပ်အသင်းတွေ များစွာရှိလို့နေပြီး အီတလီစီးရီးအေ ကလပ်အသင်းတွေဖြစ်တဲ့ ရိုးမားနဲ့ ဖီအိုရင်တီးနားတို့လည်း ပါဝင်လို့နေပါတယ်။ ဗာတွန်ဂန်ကတော့ သူ့အတွက် အဆင်ပြေနိုင်မယ့် အသင်းတစ်သင်းကို အသေအချာ ရှာဖွေလို့နေပြီး Record ကနေ ဖော်ပြလာချက်အရတော့ သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေအားလုံးထဲကမှ ဘင်ဖီကာကို ရွေးချယ်သွားဖို့ နီးစပ်နေကာ ဘင်ဖီကာဘက်ကနေလည်း ဗာတွန်ဂန်အတွက် (၃)နှစ်စာချုပ်နဲ့ကို ကမ်းလှမ်းလို့ထားပါတယ်။ ဘင်ဖီကာအသင်းဟာ ဗာတွန်ဂန်ကို ခေါ်ယူဖို့က နီးစပ်နေခဲ့ပေမယ့်လည်း ကာဗာနီကို ခေါ်ယူနိုင်ဖို့က အပြောင်းအရွှေ့အပြီးသတ်ဖို့ ကြန့်ကြာလျက်ရှိနေတဲ့အတွက် သိပ်ပြီးအခြေအနေမဟန်လှသလို ဖြစ်နေခဲ့ရကာ အသင်းများစွာကလည်း ကာဗာနီရဲ့အခြေအနေကို စောင့်ကြည့်နေတာဖြစ်လို့ ဘင်ဖီကာအနေနဲ့ ကာဗာနီကို ရရှိဖို့ အသေအချာ ကြိုးပမ်းဖို့ လိုအပ်နေပါတယ်။