ဘွန်ဒစ်လီဂါပြိုင်ပွဲနဲ့ လာလီဂါပြိုင်ပွဲတွေ စတင်ခဲ့ပြီဖြစ်ပြီး မကြာခင်မှာလည်း ပရီးမီးယားလိဂ်နဲ့ စီးရီးအေတို့ပါ ပြန်လည်စတင်ကြတော့မှာဖြစ်လို့ ဘောလုံးပရိသတ်တွေလည်း စိတ်လှုပ်ရှားမှာ သေချာပါတယ်။ ပရီးမီးယားလိဂ်က ချန်ပီယံဆုအတွက် အဖြေပြီးသားဖြစ်ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့် တန်းဆင်းဇုန်တိုက်ပွဲတွေအတွက်ကတော့ ဆက်လက်ပြီး ရင်ခုန်စရာကောင်းနေဦးမှာဖြစ်သလို နှစ်စဉ်နှစ်တိုင်း ပြိုင်ဆိုင်နေရတဲ့ ဂိုးသွင်းဘုရင်ဆုအတွက်ကိုလည်း စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ပွဲစဉ်(၂၈)အထိ ကစားထားခဲ့ပြီးတဲ့နောက် လက်စတာအသင်းရဲ့ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဂျေမီဗာဒီက သွင်းဂိုး(၁၉)ဂိုးနဲ့ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ ထိပ်ဆုံးနေရာကနေ ရပ်တည်လို့နေပါတယ်။ သူရဲ့နောက်မှာတော့ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်း(၁၇ဂိုး) ဆာလာ(၁၆ဂိုး) အဂူရို(၁၆ဂိုး)နဲ့ ဒန်နီအင့်စ် (၁၅ဂိုး)တို့ အသီးသီးရပ်တည်လို့နေပါတယ်။ ပရီးမီးယားလိဂ် ရာသီသိမ်းဖို့က (၉)ပွဲအထိ ကျန်ရှိနေသေးတာဖြစ်လို့ သွင်းဂိုးဘုရင်ဆုအတွက် အပြောင်းအလဲတွေ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့် တကယ်လို့များသာ အခုလက်ရှိ သွင်းဂိုး(၁၉)ဂိုးနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ လက်စတာတိုက်စစ်မှူးကြီး ဗာဒီကပဲ ဂိုးသွင်းဘုရင် ဖြစ်သွားခဲ့မယ်ဆိုရင်တော့ သူက ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတလျှောက် အသက်အကြီးဆုံး ဂိုးသွင်းဘုရင်အဖြစ် စံချိန်သစ်တစ်ရပ်ကို တင်ရှိသွားမှာဖြစ်ပါတယ်။ ဗာဒီက လက်ရှိအသက်အရွှယ်က (၃၃)နှစ်ရှိနေပြီး ပရီးမီးယားလိဂ်မှာ အသက်အကြီးဆုံးနဲ့ ရွှေဖိနပ်ဆုကို ရယူထားတဲ့ ကစားသမားတွေထဲမှာ ဒရော့ဘာ (၃၂)နှစ်နဲ့ ထိပ်ဆုံးမှာ ရပ်တည်ထားခဲ့တာဖြစ်လို့ ဗာဒီအနေနဲ့ စံချိန်သစ်တင်နိုင်ဖို့က အလွန်ကို နီးစပ်နေရပါတယ်။ ဒါပေမယ့် လက်စတာရဲ့လက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ်တွေအတွင်းမှာ ချယ်လ်ဆီး အဲဗာတန် အာဆင်နယ် စပါး မန်ချက်စတာယူနိုက်တက်အသင်းတွေနဲ့ ဆက်တိုက်ရင်ဆိုင်ရဦးမှာဖြစ်လို့ ဒီအသင်းတွေနဲ့ ဆုံတွေ့စဉ်မှာရော ဗာဒီရဲ့သွင်းဂိုးတွေ ဆက်ပြီးမြင်တွေ့ရဦးမလားဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။