MySport Myanmar

စပါးက လီဗာပူးလ်အသင်းရဲ့ အထက်မှာ ဆက်ရှိနေနိုင်တယ်လို့ ကာရေဂါ သုံးသပ်

လီဗာပူးလ် ကစားသမားဟောင်းကြီး ဂျင်မီကာရေဂါက သူရဲ့ လီဗာပူးလ်အသင်းဟာ အန်ဖီးလ်မှာ ခါးသီးပြိုင်ဘက် မန်ယူနိုက်တက်အသင်းကို (၇)ဂိုးပြတ်နဲ့ အနိုင်ရလိုက်တာကြောင့် အဆင့်(၄)နေရာက စပါးအသင်းကို ဖိအားပေးနိုင်တဲ့ အနေအထားကို ရောက်ရှိလာခဲ့ပေမဲ့ သူကတော့ စပါးက လီဗာပူးလ်အထက်မှာပဲ ဆက်လက် ရပ်တည်နေလိမ့််မယ်လို့ ထင်မိကြောင်း ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sky Sports

လီဗာပူးလ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၅)ပွဲအတွင်း ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပွဲစဉ်မှာသာ ဂိုးမရှိသရေ ဖြစ်ခဲ့ရပြီး ကျန်တဲ့ ပွဲစဉ်တွေအတွင်း အဲဗာတန်ကို (2-0) နယူးကာဆယ်ကို (2-0) ဝုလ်ဗ်ကို (2-0)နဲ့ မန်ယူနိုက်တက်ကို (7-0)ဆိုတဲ့ clean sheets ရလဒ်တွေနဲ့ အနိုင်ယူခဲ့ပါတယ်။ ဒီလို ရလဒ်တွေ တောက်လျှောက် ကောင်းမွန်နေချိန်မှာ top-four နား တဝိုက်က စပါး နယူးကာဆယ်တို့ ရလဒ်ပိုင်း မတည်ငြိမ်မှုတွေ ဖြစ်ပေါ်ခဲ့ရင်းနဲ့ နောက်ဆုံးမှာတော့ လီဗာပူးလ်က အဆင့်(၄)နေရာက စပါးနဲ့ တစ်ပွဲလျော့ (၃)မှတ်အကွာ အနေအထားဆီ ပြန်ရောက်လာခဲ့ရပါတယ်။

Photo Credit : Football London

လီဗာပူးလ်အသင်းက ရှေ့လာမဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ အထူးသဖြင့် ဧပြီလအတွင်းမှာ မန်စီးတီး ချဲလ်ဆီး အာဆင်နယ်အသင်းတွေနဲ့ ဆက်တိုက် ကစားရဖို့ ရှိနေသေးသလို ဧပြီလကုန်ပိုင်းမှာလည်း စပါးနဲ့ အန်ဖီးလ်မှာ ရင်ဆိုင်ရဖို့လည်း ရှိနေပါတယ်။ စပါးကတော့ မန်ယူနိုက်တက် လီဗာပူးလ်တို့နဲ့သာ ကစားရဖို့ ရှိနေတော့တာကြောင့် ကာရေဂါက “ကျွန်တော်ကတော့ တော့တင်ဟမ်ဟော့စပါးအသင်း အသာရနေတုန်းလို့ ထင်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က သူတို့ရဲ့ ပွဲစဉ်ဇယားတွေကို ကြည့်ခဲ့ပြီး သူတို့မှာ လီဗာပူးလ်ထက် ပိုသာနေတဲ့ ပွဲတွေ အများကြီး ရှိနေလို့ပါပဲ။ ဒီလို ထင်နေပေမဲ့လည်း လီဗာပူးလ်အသင်းနဲ့ ပတ်သတ်ပြီး ပိုကောင်းတဲ့ ခံစားချက်တွေ ရှိနေမယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : talkSPORT

လက်ရှိမှာ top-four နေရာအတွက် မန်ယူနိုက်တက်(၄၉မှတ်) စပါး(၄၅မှတ်) လီဗာပူးလ်(၄၂မှတ်)နဲ့ နယူးကာဆယ်(၄၁)တို့နဲ့ အသီးသီး ရပ်တည်နေပြီး မန်ယူနိုက်တက် လီဗာပူးလ်တို့က တစ်ပွဲကျန် အနေအထား ရှိနေသေးသလို လက်ရှိ စပါးနဲ့ နယူးကာဆယ်အသင်းတွေရဲ့ စိတ်ပျက်စရာ form တွေကြောင့် မန်ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ကပဲ အဆင့်(၃) (၄)နေရာအတွက် ပိုမို အလားအလာကောင်းနေနိုင်ပါတယ်။

Exit mobile version