MySport Myanmar

ပင်နယ်တီ အဆုံးအဖြတ်မှာ ဆာလာ မပါဝင်လာခြင်းအပေါ် ကာရေဂါ ပြစ်တင်ဝေဖန်

မနေ့ညက ကျင်းပသွားခဲ့တဲ့ ဆီနီဂေါအသင်းနဲ့ အီဂျစ်အသင်းတို့ရဲ့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်မှာ အနိုင်ရ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်လို့နေတဲ့ ဆီနီဂေါအသင်းက ပင်နယ်တီ အဆုံးအဖြတ်မှာ အီဂျစ်ကို အနိုင်ယူပြီး သူတို့အသင်းအတွက် သမိုင်းတလျှောက် ပထမဆုံးသော အာဖရိကဖလားကြီးကို ဆွတ်ခူးရရှိသွားခဲ့ရပါတယ်။

Photo Credit : Daily Mail

ဆီနီဂေါနဲ့ အီဂျစ်အသင်းတို့ဟာ မိနစ်(၉၀)အတွင်း ဂိုးမရှိသရေ ဖြစ်နေရလို့ အချိန်ပို မိနစ်(၃၀) ဆက်လက်ယှဉ်ပြိုင်စေခဲ့ရာမှာလည်း ဘယ်အသင်းကမှ ဂိုးသွင်းယူနိုင်ခြင်း မရှိတဲ့အတွက် ပင်နယ်တီ အဆုံးအဖြတ်ထိ ခံယူခဲ့ရာမှာတော့ ဆီနီဂေါက ပင်နယ်တီမှာ (၄)ဂိုး (၂)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဗိုလ်စွဲသွားခဲ့ရပါတယ်။ ဒါပေမယ့် ထူးခြားတာက ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ချိန်မှာ အီဂျစ်အသင်းရဲ့ ပင်နယ်တီ ကန်သွင်းမယ့် လူစာရင်းပဲဖြစ်ပြီး ပင်နယ်တီ (၄)ကြိမ်ထိ ကန်သွင်းခဲ့ရာ အသင်းရဲ့ အဓိက ကစားသမား မိုဟာမက်ဆာလာ မပါဝင်လာခဲ့တာက အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။

Photo Credit : Daily Mail

အီဂျစ်အသင်းဟာ ကနဦး ပင်နယ်တီ ကန်သွင်းမှုအတွက် တိုက်စစ်ကစားသမား (၁)ဦး ကွင်းလယ်လူ (၂)ဦးနဲ့ နောက်ခံလူ (၁)ဦးတို့ကို ရွေးချယ်ခဲ့တာဖြစ်ပြီး နောက်ခံလူ အက်ဒယ်မွန်နန်နဲ့ ကွင်းလယ်လူ လတ်ရှင်တို့ရဲ့ ကန်သွင်းမှုက ဂိုးမဝင်ခဲ့ပဲ ဖြစ်ခဲ့ရပါတယ်။ ဒီလို အရေးပါနေတဲ့ အချိန် ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ ဒီကစားသမားတွေထက် မိုဆာလာ ထရက်ဇီဂေး အယ်လ်နီနီတို့လို ဥရောပ အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားတွေကို အရင်ဆုံး ကန်သွင်းခွင့် မပေးခဲ့တဲ့အပေါ် ပရိသတ်များစွာက မေးခွန်းထုတ်ခဲ့ကြပြီး လီဗာပူးလ် ကစားသမားဟောင်းကြီး ဂျင်မီကာရေဂါကလည်း ပင်နယ်တီ ကန်သွင်းခွင့်မှာ ဆာလာ မပါဝင်လာတဲ့အပေါ် အီဂျစ်အသင်းကို ဝေဖန်သွားခဲ့ပါတယ်။ ကာရေဂါက “ဒါကြောင့် ခင်ဗျားတို့ရဲ့ အကောင်းဆုံး ပင်နယ်တီ ကန်သွင်းသူကို နံပါတ်စဉ်(၅)နေရာမှာ ဘယ်တော့မှ မထားသင့်တာ။ မိုဆာလာက ဖိုင်နယ်မှာ အီဂျစ်အသင်းအတွက် ပင်နယ်တီ မကန်သွင်းနိုင်တာက အရမ်းကို ရူးသွပ်မှုပါပဲ။ ရော်နယ်လ်ဒိုပါ ဒီလို အခြေအနေမျိုးကို လွန်ခဲ့တဲ့ နှစ်တွေက ပေါ်တူဂီနဲ့ စပိန်ပွဲစဉ်မှာ ဖြစ်ခဲ့ဖူးပါသေးတယ်” လို့ ထောက်ပြ ဝေဖန်သွားခဲ့ပါတယ်။ ကာရေဂါရဲ့ အသင်းဖော်ဟောင်းလည်းဖြစ်ပြီး ၂၀၀၅ခုနှစ် လီဗာပူးလ်နဲ့ မီလန်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ဖိုင်နယ် ပင်နယ်တီ အဆုံးအဖြတ်မှာ လီဗာပူးလ်အတွက် ပထမဆုံး ပင်နယ်တီ ကန်သွင်းခဲ့တဲ့ ဟာမန်းကလည်း “ပင်နယ်တီ ကန်သွင်းမှု အကောင်းဆုံး ကစားသမားကို အရင်ဆုံး ကန်သွင်းခိုင်းသင့်တယ်” လို့ နောက်ပြောင် ပြောဆိုခဲ့ပါတယ်။

Exit mobile version