ဂျေမီကာရေဂါကတော့ ချဲလ်ဆီးအသင်းဟာ ကစားသမားသစ်တွေကို ခေါ်ယူခဲ့ပေမယ့် အသင်းရဲ့ ကစားသမားသစ်တွေအနေနဲ့ အသင်းနဲ့ မြန်မြန် အံ့ဝင်ကျဖြစ်ဖို့ မလွယ်သလို၊ ဂိုးသမား ပြဿနာ ရှိနေတာကြောင့် မန်ယူအသင်းက လာမယ့် ရာသီမှာ အဆင့်ပိုကောင်းလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ရာသီကလည်း ချဲလ်ဆီးအသင်းရဲ့ အထက်ကနေ ရာသီကုန်ဆုံးခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီမှာတော့ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းက အဆင့် (၃) နေရာ နဲ့ နည်းပြ လမ်းပတ်ရဲ့ အဆင့် (၄) နေရာ စသဖြင့် ရာသီကုန်ဆုံးခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit: Express

ချဲလ်ဆီးအသင်းဟာ လာမယ့် ရာသီသစ်မှာ ဆုဖလား တစ်ခုခု ရရှိနိုင်ဖို့အတွက် အသင်းရဲ့ လက်ရှိ ကစားသမားအင်အားကို ထပ်ဖြည့်ခဲ့ပြီး ဇီယက်စ်၊ ဝါနာ၊ ဆားလ်၊ ဘင်ချီဝဲလ်၊ ဆေးလ်ဗား နဲ့ ဟာဗက်စ်တို့ကို ခေါ်ယူခဲ့ရာမှာ အပြောင်းအရွေ့ကြေး ပေါင် သန်း (၂၀၀) နဲ့အထက် အသုံးပြုခဲ့ပြီ ဖြစ်ပါတယ်။ တစ်ဖက်က မန်ယူအသင်းကလည်း ကွင်းလယ်လူ ဗန်ဒီဘီကို ပေါင် (၃၉) သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပြီး လီဗာပူးလ်အသင်းရဲ့ ကစားသမားဟောင်း ကာရေဂါကတော့ လာမယ့် ရာသီသစ်မှာလည်း မန်ယူအသင်းက ချဲလ်ဆီးအသင်းရဲ့ အထက်မှာ ရပ်တည်ပြီး ရာသီကုန်မယ်လို့ သုံးသပ်ခဲ့ပါတယ်။

Photo Credit: Express

ကာရေဂါက “ချဲလ်ဆီးအသင်းက ပြီးခဲ့တဲ့ ရာသီမှာ ကြည့်ရတာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး  ဖြစ်ပြီး သူတို့ဆီက ဘာရမလဲ ဆိုတာ မသိနိုင်ပါဘူး။ သူတို့ ပွဲကြီးတွေနိုင်ပြီး အဆင့် (၄) အတွင်း ဝင်နိုင်ခဲ့ပေမယ့် သူတို့ ပွဲကြီးတွေမှာ ရှုံးခဲ့တာလည်း ရှိပါတယ်။ သူတို့ ကစားသမားကောင်းတွေ ခေါ်ယူခဲ့တယ်။ ဒါပေမယ့် ကစားသမားသစ်တွေကို သူတို့ရဲ့ အသင်းမှာ မြန်မြန် အံ့ဝင်ကျအောင် လုပ်ဖို့ မလွယ်ပါဘူး။ ဟာဗက်၊ ဝါနာ နဲ့ အခြား ကစားသမားတွေက အင်္ဂလန် ဘောလုံး ပြိုင်ပွဲနဲ့ ဘယ်လို အံ့ဝင်ကျမလဲ ဆိုတာ မသိရသေးဘူး။ နောက်ပြီး သူတို့မှာ ဂိုးသမား ပြဿနာ ရှိတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်ကတော့ မန်ချက်စတာယူနိုက်တက်အသင်းက သူတို့ရဲ့ အထက်ကနေ ပြန်ပြီး ရာသီကုန်ဆုံးလိမ့်မယ်လို့ ထင်ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။