လီဗာပူးလ် ဂန္တဝင် ကစားသမားဟောင်းကြီး ကာရေဂါကတော့ လူမှုကွန်ရက် အင်စတာဂရမ်မှာ ပရိသတ်တွေနဲ့ တိုက်ရိုက် အမေးအဖြေ ပြုလုပ်ခဲ့တဲ့ အခါမှာ လိုက်ဇစ် တိုက်စစ်မှူး ဝါနာအနေနဲ့ လက်ရှိမှာ ဖြစ်နေတဲ့ ကိုရိုနာ ရောဂါကြောင့် လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ လီဗာပူးလ်အသင်းဆီကို ရောက်ရှိလာဖွယ် မရှိဘဲ နောက်နှစ် နွေရာသီမှာပဲ ရောက်ရှိလာနိုင်တယ်လို့ ပြောသွားပါတယ်။ ကမ္ဘာကပ်ရောဂါကြီး ကိုရိုနာ ဗိုင်းရပ် ရောဂါဟာ လက်ရှိမှာ ကူးစက်နှုန်း မြင့်တက်နေဆဲ ဖြစ်ပြီး အထူးသဖြင့် ဥရောပနိုင်ငံ နဲ့ အမေရိကန်နိုင်ငံတွေက အလူးအလဲ ခံစားနေကြတာ ဖြစ်ပါတယ်။

Photo Credit: Dailymail

လိုက်ဇစ် တိုက်စစ်မှူး တီမို ဝါနာဟာ လက်ရှိရာသီမှာ ပြိုင်ပွဲစုံ (၃၆) ပွဲ ကစားထားရာမှာ သွင်းဂိုး (၂၇) ဂိုး သွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဥရောပ အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရသလို အထူးသဖြင့် နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းက စိတ်ဝင်စားလျက်ရှိပါတယ်။ ဝါနာဟာ လီဗာပူးလ်အသင်းကို ရောက်ရှိလာမယ် ဆိုရင် ဆာလတ်၊ ဖာမင်နို၊ မာနေးတို့နဲ့ အတူ အလှည့်ကျ တွဲကစားပြီး ခြေစွမ်းကောင်းတွေ ပြနိုင်မှာ ဖြစ်ပေမဲ့လည်း လီဗာပူးလ်အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ကာရေဂါကတော့ သူ့ကို နောက်နှစ်မှာသာ ခေါ်နိုင်မယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Dailymail

လီဗာပူးလ်အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ကာရေဂါဟာ လူမှုကွန်ရက် အင်စတာဂရမ်မှာ တိုက်ရိုက် အမေးအဖြေ ပြုခဲ့ပြီး “တီမို ဝါနာအနေနဲ့ လီဗာပူးလ်အသင်းကို ပြောင်းလာမလား”လို့ အမေးခံရတဲ့ အချိန်မှာ သူက “အရင်က အခြေအနေတိုင်းဆိုရင်တော့ သူ လီဗာပူးလ်အသင်းကို ရောက်ရှိလာနိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေကတော့ လက်ရှိရာသီ အပြောင်းအရွေ့ကို ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် အပြောင်းအရွှေ့ကိစ္စတွေကို နောက်ပြန်ရွှေ့ရမယ့် ပုံစံမှာပါပဲ။ နောက်လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာပဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရမှတ် (၂၅) မှတ် ဖြတ် ဦးဆောင်လျက် ရှိတာကြောင့် နှစ် (၃၀) ကြာ မရခဲ့ဖူးတဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိဖို့ သေချာနေပြီ ဖြစ်ပေမဲ့လည်း ကိုရိုနာကြောင့် လက်ရှိရာသီကို ဖျက်သိမ်းလိုက်မယ် ဆိုရင် ဆုဖလားကို လက်လွတ်သွားနိုင်ဖွယ် ရှိနေပါတယ်။