လီဗာပူးလ်အသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီးဖြစ်ပြီး လက်ရှိမှာ ဘောလုံး pundit တစ်ဦးအဖြစ် ဆောင်ရွက်နေတဲ့ ကာရေဂါက ဒီည ဝင်ဘလေမှာ ကျင်းပသွားမယ့် ချန်ပီယံလိဂ် ဖိုင်နယ်ပွဲကြီးမှာ ဒေါ့မွန်အသင်းက ရီးယဲလ်မက်ဒရစ်အသင်းကို (၂)ဂိုး (၁)ဂိုးနဲ့ အနိုင်ရသွားမယ်လို့ ခန့်မှန်းလိုက်ပါတယ်။

ဒေါ့မွန်အသင်းဟာ လွန်ခဲ့တဲ့ ၁၉၉၆-၁၉၉၇ ဘောလုံးရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ဗိုလ်စွဲခဲ့ပြီး ၂၀၁၂-၂၀၁၃ ဘောလုံးရာသီမှာတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ ဒုတိယအကြိမ်အဖြစ် တက်လှမ်းခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ကာ ဒုတိယအဖြစ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Photo Credit : UEFA

ဒီတစ်ကြိမ်မှာတော့ ဒေါ့မွန်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ဆီကို တတိယအကြိမ်အဖြစ် ထပ်မံ တက်လှမ်းလာခဲ့ရပြန်ပြီ ဖြစ်ပေမယ့်လည်း သူတို့အသင်း ရင်ဆိုင်သွားရမယ့် အသင်းက ချန်ပီယံလိဂ်ရဲ့ အအောင်မြင်ဆုံးသော ကလပ်အသင်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ် ဖြစ်နေပါတယ်။

ဒေါ့မွန်အသင်းဟာ ဒီရာသီ ဘွန်ဒက်စ်လီဂါမှာ ရုန်းကန်ခဲ့ရပေမယ့်လည်း ချန်ပီယံလိဂ်မှာတော့ ပီအက်စ်ဂျီ အေစီမီလန် နယူးကာဆယ်တို့လို အသင်းမျိုးတွေနဲ့ တစ်အုပ်စုတည်း အတူ ကျရောက်ပြီး မရဏအုပ်စုကို ဖြတ်သန်းခဲ့ရတာတောင်မှ အုပ်စုဗိုလ်နေရာနဲ့ နောက်တစ်ဆင့် တက်လှမ်းရင်း ရှုံးထွက်အဆင့်တွေမှာလည်း PSV အသက်လက်တီကိုနဲ့ ပီအက်စ်ဂျီတို့ကိုပါ ကျော်ဖြတ်ခဲ့ပါတယ်။

Photo Credit : Goal

ပီအက်စ်ဂျီအသင်းကို နှစ်ကျော့လုံး အနိုင်ရအောင် ကစားသွားခဲ့တဲ့ ဒေါ့မွန်အသင်းရဲ့ စွမ်းဆောင်မှုက အထင်ကြီးလောက်စရာ ဖြစ်လို့နေပြီး အခု ရီးယဲလ်လို ချန်ပီယံလိဂ် သခင်ကြီးနဲ့ ရင်ဆိုင်သွားရမယ့် ပွဲစဉ်မှာလည်း မထင်ထားမှတ်လောက်စရာတွေကို ဘယ်လို လုပ်ဆောင်ပြဦးမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ဒီပွဲနဲ့ ပတ်သက်ပြီး ဘောလုံးပရိသတ် အမြောက်အများကတော့ ချန်ပီယံလိဂ် အတွေ့အကြုံ ၊ ကစားသမားအင်အား အပါအဝင် အစစအရာရာမှာ အားသာနေတဲ့ ရီးယဲလ်ကပဲ အနိုင်ရလိမ့်မယ်လို့ ယူဆထားကြပေမယ့်လည်း ကာရေဂါကတော့ ဒေါ့မွန်ကသာ (2-1) ရလဒ်နဲ့ ရီးယဲလ်ကို အနိုင်ရသွားမယ်လို့ ခန့်မှန်းလိုက်ပါတယ်။