ပရီးမီးယားလိဂ်ရဲ့ အစဉ်အလာ ရှိတဲ့ အသင်းတွေထဲက တသင်း ဖြစ်တဲ့ လိဒ်ယူနိုက်တက်ရဲ့ အဓိက တောင်ပံ ကစားသမား တဦး ဖြစ်သူ ဒန်နီရယ်ဂျိမ်းစ် ကတော့ မနက်ဖြန်မှာ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ဘက်ကို ဂိုးသွင်းနိုင်ခဲ့ပါက အောင်ပွဲခံမယ်လို့ ပွဲကြို အင်တာဗျူး တခုမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် ဝေးလ်လက်ရွေးစင် တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ မန်ချက်စတာ ယူနိုက်တက် ကနေ လိဒ်ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ယူရို ၂၉သန်းနဲ့ ပြောင်းရွှေ့လာသူပဲ ဖြစ်ပါတယ်။

Photo Credit: Express

ဒန်နီရယ်ဂျိမ်းစ်ဟာ မန်ချက်စတာ ယူနိုက်တက်မှာ နှစ်ရာသီကြာ ကစားခဲ့ရာ စုစုပေါင်း ၇၄ပွဲ အထိ ပါဝင် ကစားပေးခဲ့ရပြီး သွင်းဂိုး ၉ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၉ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ဒန်နီရယ်ဂျိမ်းစ် အနေနဲ့ ယခုတပတ်မှာ ယှဉ်ပြိုင် ကစားမယ့် လိဒ်ယူနိုက်တက်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ပွဲစဉ်မှာ အသင်းဟောင်းဘက်ကို ဂိုးသွင်းနိုင်ခဲ့ရင် အောင်ပွဲမခံပဲ နေမှာလား ဆိုတဲ့ မေးခွန်းမျိုး မေးခံခဲ့ရတာ ဖြစ်ပြီး ဒန်နီရယ်ဂျိမ်းစ် ကတော့ သူဟာ မန်ချက်စတာ ယူနိုက်တက်ကို မမုန်းပေမယ့် ဂိုးသွင်းနိုင်ခဲ့ရင် အောင်ပွဲခံသွားမယ်လို့ ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။

Photo Credit: Express

ဒန်နီရယ်ဂျိမ်းစ်က – “ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်ဘက်ကို ဂိုးသွင်းနိုင်ခဲ့ရင် အောင်ပွဲခံမှာလား ဆိုရင် အောင်ပွဲခံမှာပေါ့ဗျ။ ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်ကို မမုန်းသလို အသင်းကနေ ထွက်ခွာရချိန်မှာလည်း နှစ်ဦးနှစ်ဖက် အဆင်ပြေခဲ့ပါတယ်။ ပြီးတော့ မန်ချက်စတာ ယူနိုက်တက်မှာ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေလည်း ရှိနေပါသေးတယ်။ ဒါပေမယ့် ဂိုးသွင်းယူရတဲ့ ခံစားချက်က အရမ်းကို ကောင်းပါတယ်။ ဒါကြောင့် ကျွန်တော်က ဂိုးသွင်းနိုင်ခဲ့ရင် အောင်ပွဲခံသွားမှာပါ” လို့ ပြောကြားသွားခဲ့တာပါ။