အင်္ဂလန်အသင်းနဲ့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးတို့ရဲ့ ဂိုးသမားဟောင်း တဦး ဖြစ်သူ ဒေးဗစ်ဂျိမ်းစ်ကတော့ လတ်တလောမှာ ခြေစွမ်းကောင်းတွေ ရရှိထားတဲ့ အာဆင်နယ်နဲ့ အင်္ဂလန်ကြယ်ပွင့် ဘူကာယို ဆာကာဟာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း တိုးမယ့် အစား ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးဆီ ပြောင်းရွှေ့သင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လူငယ်ကြယ်ပွင့် ဘူကာယို ဆာကာက အာဆင်နယ်ရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ အာဆင်နယ်ရဲ့ အကောင်းဆုံး ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သလို ယခုနှစ် ဘောလုံးရာသီမှာလည်း အာဆင်နယ် အတွက် ပြိုင်ပွဲစုံမှာ ၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄ကြိမ် ရရှိထားပါတယ်။

Photo Credit: Express

ဆာကာက အာဆင်နယ်ရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပေမယ့် သူနဲ့ အာဆင်နယ်တို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်ဟာ ၂နှစ် ဝန်းကျင်သာ သက်တမ်း ကျန်ရှိနေပြီး အာဆင်နယ်က ဆာကာကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပေမယ့် စာချုပ်သစ် အတွက် သဘောတူညီမှုတော့ မရသေးပါဘူး။

ဒီအချိန်မှာပဲ အသက်အရွယ်ကြောင့် အကျပိုင်းကို ရောက်လာတဲ့ ညာတောင်ပံ တိုက်စစ်ကစားသမား မာရက်ဇ်ရဲ့ နေရာကို အစားဝင်နိုင်မယ့် ကစားသမား တဦးအား ခေါ်ယူရန် စဉ်းစားထားတဲ့ မန်ချက်စတာ စီးတီးက ဆာကာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အင်္ဂလန် ဂိုးသမားဟောင်း ဒေးဗစ်ဂျိမ်းစ်ကတော့ ဆာကာဟာ မန်ချက်စတာ စီးတီးရဲ့ ကမ်းလှမ်းမှုကို ရလာရင် ချက်ချင်း လက်ခံလိုက်သင့်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ တိုက်တွန်းသွားခဲ့ပါတယ်။

Photo Credit: Express

ဒေးဗစ်ဂျိမ်းစ်က – “ကျွန်တော်က အာတီတာ တယောက် အာဆင်နယ်ကို အကောင်းဆုံး ကိုင်တွယ်နေတာကို သဘောကျသလို ဆာကာဟာ အာတီတာရဲ့ စီမံကိန်းထဲမှာ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာကိုလည်း သိပါတယ်။ ဒါပေမယ့် ကျွန်တော်က ကစားသမားတွေ ဘာကြောင့် အာဆင်နယ်ကို စွန့်ခွာချင်ကြသလဲ ဆိုတာကို နားလည်ပါတယ်။ တခါတလေကျရင် ခင်ဗျားက အသင်းတသင်းထဲမှာ အချိန်အကြာကြီး အဆင်ပြေပြေ ရှိနေခဲ့ပေမယ့် အပြောင်းအလဲ လုပ်ချင်လာတဲ့ အခါမျိုးတွေ ရှိတတ်ပါတယ်။ တကယ်လို့ ဆာကာကသာ မန်ချက်စတာ စီးတီးရဲ့ ကမ်းလှမ်းမှုကို ရလာရင် သူ့အနေနဲ့ လက်ခံလိုက်သင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မန်ချက်စတာ စီးတီးက နောက်ပိုင်းနှစ်တွေမှာ အင်္ဂလန်ရဲ့ အကောင်းဆုံးအသင်း ဖြစ်နေလို့ပါ။ အခုချိန်မှာ အမှတ်ပေးဇယားကို ကြည့်ပြီး အာဆင်နယ်က အင်္ဂလန်ရဲ့ အကောင်းဆုံးအသင်း တသင်းလို့ ပြောနိုင်ပေမယ့် သူတို့က မန်ချက်စတာ စီးတီးကို လိုက်လံ ယှဉ်ပြိုင်ဖို့ ကြိုးစားနေရဆဲ အဆင့်မှာပဲ ရှိပါသေးတယ်။ ဒီနေရာမှာ မေးစရာ ရှိတာက ဆာကာဟာ မန်ချက်စတာ စီးတီးဆီ ရောက်သွားရင် ပုံမှန် ပွဲထွက်ခွင့် ရပါ့မလား ဆိုတာပါပဲ။ ဒါပေမယ့် သူသာ ကြံ့ခိုင်မှု ပြည့်ဝနေရင် ဂွာဒီယိုလာက သူ့ကို အလှည့်ကျစနစ်နဲ့ သေချာပေါက် အသုံးပြုပါလိမ့်မယ်” လို့ တိုက်တွန်း အကြံပေးသွားခဲ့တာပါ။