ဒီနှစ်ဘောာလုံးရာသီမှ အဲဗာတန်အသင်းဆီကို ရောက်ရှိလာခဲ့တဲ့ ကြယ်ပွင့်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကတော့ သူရဲ့ဘောလုံးသမားဘဝ အနာဂတ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုလာခဲ့ရာ သူအနေနဲ့ ဘောလုံးသမားဘဝကို အချိန်အကြာကြီး ဖြတ်သန်းနိုင်လိမ့်မယ်မထင်ပဲ ကစားသမားဘဝကနေ လုံးဝအနားယူလိုက်ဖို့တောင် သိပ်မလိုတော့ဘူးလို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

လာမယ့် ဇူလိုင်လအတွင်းမှာပဲ အသက်(၃၀)ပြည့်တော့မယ့် ကိုလံဘီယာလက်ရွေးစင် တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ပြီးခဲ့တဲ့ နွေကမှ ရီးယဲလ်မက်ဒရစ်အသင်းကနေ အဲဗာတန်အသင်းဆီကို ရောက်ရှိလာခဲ့သူဖြစ်ပြီး လာမယ့် ၂၀၂၂ခုနှစ်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး တစ်နှစ်ထပ်မံ သက်တမ်းတိုးနိုင်တဲ့ Option မျိုးကို ထည့်သွင်းထားတာဆိုပေမယ့်လည်း ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကတော့ သူ့အနေနဲ့ အသက်(၃၀)ကျော်လာတဲ့ နောက်ပိုင်းမှာ ကစားသမားဘဝကို ပုံစံကောင်းတစ်ခုနဲ့ ရှေ့ဆက်နိုင်တော့မှာမဟုတ်လို့ မကြာခင်မှာပဲ သူရဲ့ဘောလုံးသမားဘဝကို အဆုံးသတ်ရနိုင်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : MARCA

ဂျိမ်းစ်ရိုဒရီဂွက်ဇ်က “ကျွန်တော်က အနာဂတ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို သိပ်များများစားစားကြီး မတွေးထားပါဘူး။ ကျွန်တော် ဘယ်နေရာမှာ ကျွန်တော်ရဲ့ ကစားသမားဘဝကို ကုန်ဆုံးချင်သလဲဆိုတာကိုတော့ ကျွန်တော်မပြောနိုင်ပါဘူး။ ဒါပေမယ့် ဒီအခြေအနေ ရောက်လာဖို့က သိပ်မဝေးလှတော့ဘူးလို့ ကျွန်တော်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်အရမ်း အိုမင်းလာတဲ့ အခါကျရင် ဘောလုံးအားကစားကို ဆက်မကစားချင်တော့လို့ပါပဲ။ အခုလက်ရှိကတော့ ကစားနိုင်သလောက် ပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်ပြီးကစားသွားချင်ပါသေးတယ်။ ကျွန်တော်အနေနဲ့ လူငယ်ကြယ်ပွင့် ကစားသမားလေးတွေကို အကူအညီ ပေးသွားချင်တယ်။ လေ့ကျင့်သင်ကြားပေးချင်ပါတယ်။ အသက်(၃၀)နဲ့အထက် ကစားသမားသမားတွေအားလုံးက သူတို့ရဲ့ ကစားသမားဘဝကို ကောင်းကောင်းမွန်မွန် ရှေ့ဆက်နိုင်ဖို့ အချိန်တွေက နည်းသထက် နည်းသွားခဲ့ရပါပြီ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း အဲဗာတန်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၂၆)ပွဲ ပါဝင်ကစားခဲ့ပြီးနောက် သွင်းဂိုး(၆)ဂိုး သွင်းယူထားခဲ့သလို ဂိုးဖန်တီးမှုကိုလည်း (၉)ကြိမ်အထိ လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။