အဲဗာတန်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ရီးယဲလ်မက်ဒရစ်အသင်းကနေ ခေါ်ယူဖြစ်ခဲ့တဲ့ ကိုလံဘီယာကြယ်ပွင့် တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်က အသင်းရဲ့ နည်းပြသစ်ဖြစ်တဲ့ ရာဖေးလ်ဘင်နီတက်ဇ်ရဲ့ အနာဂတ်အစီအစဉ်အတွင်းမှာ ထည့်သွင်းဖွယ် မရှိနိုင်တာကြောင့် ဒီနွေစျေးကွက်အတွင်းမှာပဲ အသင်းကနေ လက်လွတ်သွားဖွယ် ရှိလို့နေပြီး ဂျိမ်းစ်ကိုလည်း စီးရီးအေထိပ်သီးကလပ် အေစီမီလန်အသင်းကနေ ခေါ်ယူသွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Goal

ပေါ်တို မိုနာကို ဘိုင်ယန်မြူးနစ်နဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ရဲ့ ကစားသမားဟောင်း ဂျိမ်းစ်ရိုဒရီဂွက်ဇ်စာဟာ ပြီးခဲ့တဲ့ရာသီကမှ ရီးယဲလ်အသင်းကနေ အဲဗာတန်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးသာသာနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီအတွင်း အဲဗာတန်အသင်းအတွက် ပြိုင်ပွဲစုံ(၂၆)ပွဲအထိ ပါဝင်ကစားခဲ့ကာ (၆)ဂိုးသွင်းယူခဲ့သလို (၉)ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာ ဂျိမ်းစ်ကို အဲဗာတန်အသင်းဆီ ခေါ်ဆောင်ခဲ့တဲ့ နည်းပြအန်စလော့တီက အဲဗာတန်နဲ့ လမ်းခွဲသွားပြီဖြစ်တာကြောင့် ဂျိမ်းစ်ကိုယ်တိုင် အဲဗာတန်မှာ မပျော်ရွှင်တော့သလို အသင်းနည်းပြသစ် ဘင်နီတက်ဇ်ကလည်း ဂျိမ်းစ်ကို သူရဲ့ အစီအစဉ်ထဲမှာ ထည့်သွင်းဖွယ် မရှိတာကြောင့် စျေးကွက်အတွင်းမှာပဲ ဂျိမ်းစ်နဲ့ အဲဗာတန်တို့ လမ်းခွဲရဖွယ် ရှိနေပါတယ်။

Photo Credit : The Cult of Calcio

ဒီလို အနာဂတ် မရေမရာ ဖြစ်လို့နေတဲ့ အသက်(၃၀)အရွှယ်ရှိ ကိုလံဘီယာလက်ရွေးစင် ကွင်းလယ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို လက်ရှိမှာတော့ အီတလီထိပ်သီးကလပ် အေစီမီလန်အသင်းကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေပြီး ကစားသမားရဲ့ လုပ်ခလစာ မြင့်မားနေမှုကြောင့် ခေါ်ယူဖို့က ခက်ခဲလျက်ရှိနေတာ ဖြစ်ပါတယ်။ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ အဲဗာတန်အသင်းနဲ့ ၂၀၂၂ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေတာကြောင့် တစ်နှစ်ပဲ ကျန်ရှိနေတဲ့ ဂျိမ်းစ်အတွက် အဲဗာတန်ဘက်ကနေ Cut-price နဲ့သာ ရောင်းထုတ်ဖွယ်ရှိနေပြီး ယူရို(၁၅)သန်းဝန်းကျင်နဲ့ ရောင်းချလာနိုင်ပါတယ်။ ဂျိမ်းစ်လို အရည်အသွေးကောင်းတွေ ပြည့်ဝနေတဲ့ ကစားသမားမျိုးကို အေစီမီလန်အသင်းအပြင် အခြားသော ကလပ်အသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေမှာဖြစ်သလို အဲဗာတန်ကလည်း ဂျိမ်းစ်ရဲ့ နေရာအတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အင်္ဂလန် ကွင်းလယ်တိုက်စစ်ကစားသမား ဂျက်ဆီလင်ဂတ်ကို ပြန်လည်ခေါ်ယူသွားဖို့ ချိန်ရွှယ်လျက် ရှိနေပါတယ်။