နာမည်ကျော် ကိုလံဘီယာ ကစားသမားကြီး ဂျိမ်းစ် ရိုဒရီဂွက်ဇ်ဟာ သူရဲ့ လက်ရှိကလပ်ဖြစ်တဲ့ ဆော်ပေါ်လိုအသင်းနဲ့ လက်တွဲဖြုတ်သွားဖို့ အစီအစဉ်ရှိနေပြီး ကလပ်အသင်းသစ် တစ်သင်းကို ဆက်လက် ရှာဖွေသွားဖို့လည်း ရှိနေတယ်လို့ တူရကီ ဘောလုံးသတင်းထောက် Ekrem KONUR က ဖော်ပြလာခဲ့ပါတယ်။

အသက် (၃၂)နှစ်အရွယ် ကိုလံဘီယာ ကွင်းလယ်တိုက်စစ် ကစားသမား ရိုဒရီဂွက်ဇ်ဟာ ကစားသမားဘဝအတွင်းမှာ ကလပ်အသင်းပေါင်းစုံအထိ ကစားခဲ့ဖူးပြီး ကိုလံဘီယာအသင်းအတွက် ပွဲပေါင်း (၁၀၀)နီးပါးလောက်အထိ ကစားဖြစ်ခဲ့ပါသေးတယ်။

Photo : Bleacher Report

 

၂၀၀၆ခုနှစ်ကမှ စီနီယာ ကစားသမားဘဝကို စတင်ခဲ့တဲ့ ရိုဒရီဂွက်ဇ်ဟာ (၄)နှစ်အတွင်း ကိုလံဘီယာ နဲ့ အာဂျင်တီးနား ကလပ်အသင်းတွေမှာ ပါဝင်ခဲ့ရင်း ၂၀၁၀မှာ ပေါ်တို ၂၀၁၃မှာ မိုနာကို ၂၀၁၄မှာ ရီးယဲလ်မက်ဒရစ် ၂၀၁၇ကနေ ၂၀၁၉အထိ ဘိုင်ယန်မှာ (၂)ရာသီအငှား ၂၀၂၀မှာ အဲဗာတန် ၂၀၂၁မှာ အယ်လ်ရေယန် ၂၀၂၂မှာ အိုလံပီယာကော့စ်နဲ့ ၂၀၂၃ကနေ လက်ရှိအထိ ဆော်ပေါ်လိုတို့မှာ ကစားဖြစ်နေပါတယ်။

ဒီလို နေရာအစုံမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ရိုဒရီဂွက်ဇ်က သူရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝအတွင်း ချန်ပီယံလိဂ်ဖလား ယူရိုပါလိဂ်ဖလား ဥရောပစူပါဖလား ကလပ်ကမ္ဘာ့ဖလားတို့လို အမြင့်ဆုံး ဆုဖလားတွေအပြင် စပိန် ဂျာမနီ ပေါ်တူဂီတို့မှာ အမှတ်ပေးဖလားတွေနဲ့ ပြည်တွင်းရှုံးထွက်ဖလားတွေကိုလည်း ပိုင်ဆိုင်ခဲ့ရပါသေးတယ်။

Photo Credit : MLS Multiplex

ဒါ့အပြင် ၂၀၁၄ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး သွင်းဂိုးဆုရှင်ပါ ဖြစ်ခဲ့သေးတဲ့ ရိုဒရီဂွက်ဇ်က ဒဏ်ရာပြသာနာတွေကြောင့် ခြေစွမ်းပိုင်းတွေ ကျဆင်းခဲ့ရာကနေ နောက်ဆုံး ဘရာဇီးလ်ကလပ် ဆော်ပေါ်လိုထိ ရောက်ရှိသွားခဲ့ပြီး အခုလည်း ဆော်ပေါ်လိုကနေပါ ပြန်လည် ထွက်ခွာချင်နေပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းတွေအရ ရိုဒရီဂွက်ဇ်ဟာ ၂၀၂၅ခုနှစ်အထိ သက်တမ်းရှိတဲ့ သူရဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ ဆော်ပေါ်လိုအသင်းနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်လျက် ရှိနေပြီဖြစ်ပြီး သူ့ကိုလည်း ခေါ်ယူသွားဖို့ တူရကီကလပ်အသင်းတွေက အပြိုင်အဆိုင် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။