အဲဗာတန်အသင်းရဲ့နည်းပြဖြစ်သူ ကားလို့စ်အန်စလော့တီကတော့ သူနဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ကိုလံဘီယာ ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို အခုနှစ် နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်းမှာ ရီးရဲလ်ကနေ အဲဗာတန်အသင်းဆီကို အရခေါ်ယူသွားဖို့အတွက် ကြိုးပမ်းလျက်ရှိနေရာ အပြောင်းအရွှေ့အထမြောက်လာဖို့အတွက် အခြေအနေကောင်းလျက်ရှိနေတယ်လို့ Sky Sports သတင်းဌာနကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sky Sports

အသက်(၂၉)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ကိုလံဘီယာလက်ရွေးစင်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ပုံမှန်နေရာပျောက်ဆုံးနေသူဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းဆီကိုလည်း နှစ်ရာသီအငှားချခံခဲ့ရသလို အငှားစာချုပ်ပြည့်သွားလို့ ရီးရဲလ်ကို ပြန်လည်ရောက်ရှိချိန်မှာလည်း နည်းပြဇီဒန်းရဲ့နေရာပေးခြင်းကို မရရှိခဲ့သူ ဖြစ်နေရပါတယ်။ ဒါကြောင့် ဂျိမ်းစ်ဟာ နွေစျေးကွက်အတွင်းမှာပဲ အသင်းသစ်တစ်သင်းကို ပြောင်းရွှေ့သွားဖို့ စီစဉ်လာခဲ့တာဖြစ်ပြီး ဆရာဟောင်းရှိရာ အဲဗာတန်အသင်းဆီကို ပြောင်းရွှေ့လာဖို့ နီးစပ်လျက်ရှိနေပါတယ်။

Photo Credit : Sky Sports

ဂျိမ်းစ်ရိုဒရီဂွက်ဇ်နဲ့ အန်စလော့တီတို့နှစ်ယောက်ဟာ ရီးရဲလ်မက်ဒရစ်မှာရော ဘိုင်ယန်မြူးနစ်အသင်းမှာပါ လက်တွဲခဲ့ဖူးတဲ့ ဆရာတပည့်ဟောင်းတွေ ဖြစ်ခဲ့ကြပြီး အခုလည်း အဲဗာတန်အသင်းမှာ ပြန်လည်လက်တွဲသွားဖို့ အခြေအနေကောင်းလျက် ရှိနေပါတယ်။ လက်ရှိမှာလည်း ဂျိမ်းစ်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အဲဗာတန်နဲ့ ရီးရဲလ်အသင်းတို့ကြားမှာ ဆွေးနွေးမှုတွေကို ပြုလုပ်လျက်ရှိနေပြီး လာမယ့်ရက်ပိုင်းအတွင်းမှာပဲ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖွယ် ရှိနေတယ်လို့ နာမည်ကျော် အီတလီလူမျိုး ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဖာဘရီဇီယိုရိုမာနိုကနေ သူရဲ့တွစ်တာကနေ ဖော်ပြသွားခဲ့ပါတယ်။ ရိုမာနိုရဲ့ဖော်ပြချက်တွေထဲမှာ အဲဗာတန်အသင်းက ဂျိမ်းစ်တစ်ယောက်တည်းကိုသာ ခေါ်ယူဖို့ ကြိုးစားနေတာမဟုတ်ပဲ နာပိုလီအသင်းရဲ့ကွင်းလယ်ကစားသမား အယ်လန်နဲ့ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ရတဲ့ ဝက်ဖိုဒ့်အသင်းရဲ့ ကွင်းလယ်ကစားသမား ဒူကိုရီတို့ကိုပါ အရခေါ်ယူသွားနိုင်ဖို့အတွက် ကြိုးပမ်းလျက်ရှိနေတယ်လို့ သိရှိရပါတယ်။ နာမည်ကျော် ဝါရင့်နည်းပြကြီး အန်စလော့တီက သူရဲ့အဲဗာတန်အသင်းကို လာမယ့်ဘောလုံးရာသီမှာ ဥရောပဝင်ခွင့် ရရှိနိုင်ဖို့အတွက် အကောင်းဆုံးပြင်ဆင်သွားမှာဖြစ်ပြီး ကစားသမားသစ်ခေါ်ယူမှုတွေကိုလည်း လုပ်ဆောင်သွားမှာဖြစ်ပါတယ်။