MySport Myanmar

အင်တာ မိုင်ယာမီမှာ မက်ဆီနဲ့ တွဲကစားရဖွယ် ရှိနေတဲ့ ဂျိမ်းစ် ရိုဒရီဂွက်ဇ်

ပြီးခဲ့တဲ့ ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ကိုလံဘီယာအသင်းကို ဖိုင်နယ်အဆင့်အထိ အကောင်းဆုံး တွန်းတင်ပေးနိုင်ခဲ့တဲ့ ကိုလံဘီယာ ကြယ်ပွင့်ကြီး ဂျိမ်းစ် ရိုဒရီဂွက်ဇ်ဟာ ဆော်ပေါ်လိုကနေ ဗယ်လက်ကာနိုအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီးချိန် သူရဲ့ နာမည်က တဖန်ပြန်ပြီး ကျဆင်းသွားခဲ့ရပြန်ပါတယ်။

အသက် (၃၃)နှစ်အရွယ် ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံကစားသမားကြီး ဂျိမ်း ရိုဒရီဂွက်ဇ်ဟာ ရီးယဲလ် မက်ဒရစ် ၊ ဘိုင်ယန်မြူးနစ် ၊ ပေါ်တို ၊ အဲဗာတန်နဲ့ မိုနာကိုတို့လို အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးသူဖြစ်ပြီး အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားသူ ဖြစ်ပေမယ့် ဒဏ်ရာ ပြဿနာတွေကြောင့်သာ ရိုဒရီဂွက်ဇ်ရဲ့ ခြေစွမ်းတွေ ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Fox Sports

ပေါ်တိုမှာ အလွန်တောက်ပနေချိန် မိုနာကိုက ပြောင်းရွှေ့ကြေး များစွာနဲ့ ခေါ်ယူခဲ့ပြီး တစ်ရာသီ အကြာမှာပဲ ရီးယဲလ်ရဲ့ ခေါ်ယူခြင်း ခံခဲ့ရတဲ့ ရိုဒရီဂွက်ဇ်ဟာ ရီးယဲလ်မှာတော့ ဒဏ်ရာတွေကြောင့် ပွဲကစားခွင့် သိပ်မရတော့ရာကနေ နောက်ဆုံး ဘိုင်ယန်အသင်းဆီ (၂)ရာသီ အငှားချခံရသလို အငှားသက်တမ်း ပြည့်ချိန်မှာလည်း ဘိုင်ယန်က အပြီးသတ် ခေါ်ယူခြင်း မရှိလို့ အဲဗာတန်ဆီ ရောက်သွားခဲ့ပါတယ်။

အဲဗာတန်နဲ့အတူ ပရီးမီးယားလိဂ်မှာ တစ်ရာသီပဲ ဖြတ်သန်းခဲ့ရတဲ့ ရိုဒရီဂွက်ဇ်က ကာတာကလပ် အယ်လ်ရေယန် ဂရိကလပ် အိုလံပီယာကော့စ်နဲ့ ဘရာဇီးလ်ကလပ် ဆော်ပေါ်လိုတို့ဆီ ရောက်သွားခဲ့ရင်း သူရဲ့ပုံရိပ်က ကျသွားခဲ့ပေမယ့် ၂၀၂၄ ကိုပါပြိုင်ပွဲမှာပဲ ရိုဒရီဂွက်ဇ်ဟာ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆုပါ ပိုင်ဆိုင်ခဲ့ပြီး ပြန်လည် တောက်ပလာခဲ့ပြန်ပါတယ်။

Photo Credit : Goal

ဒီလို ပြန်တောက်ပခဲ့တဲ့ ရိုဒရီဂွက်ဇ်က ဥရောပမှာ ဘောလုံးပြန်ကစားဖို့ပါ စိတ်အားထက်သန်လာခဲ့တာကြောင့် ဆော်ပေါ်လိုအသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး လာလီဂါကလပ် ရာယို ဗယ်လက်ကာနိုအသင်းဆီ အလွတ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမယ့် ရိုဒရီဂွက်ဇ်က ဗယ်လက်ကာနိုအတွက် လာလီဂါ (၆)ပွဲသာ ကစားခဲ့ရပြီး အဲ့ဒီ(၆)ပွဲအတွင်း (၁)ပွဲသာ ပွဲထွက်ကစားခဲ့ရပါတယ်။

ဒီလိုအခြေအနေမျိုး ဖြစ်နေရတဲ့ ရိုဒရီဂွက်ဇ်က လာမယ့် ဇန်နဝါရီ ဆောင်းဈေးကွက်မှာပဲ အသင်းကနေ ထွက်ခွာဖို့ စီစဉ်နေပြီဖြစ်ပြီး သူ့ကိုလည်း မေဂျာလိဂ် ထိပ်သီးကလပ် အင်တာ မိုင်ယာမီအသင်းက ခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့ပါတယ်။ ဒါကြောင့် ရိုဒရီဂွက်ဇ်အနေနဲ့ မက်ဆီ ဆွာရက်ဇ် အယ်လ်ဘာ ဘူးစကွက်စ်တို့လို ဘာစီလိုနာ ကစားသမားဟောင်းတွေနဲ့ မိုင်ယာမီအသင်းမှာ တွဲဖက် ကစားရတော့မလားဆိုတာ စောင့်ကြည့်သွားရပါတော့မယ်။

Exit mobile version