လက်စတာအသင်းရဲ့ ကွင်းလယ်ကစားသမား ဂျိမ်းစ်မက်ဒီဆင်က မနေ့ည အက်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်အတွင်း မန်ယူနိုက်တက် ခံစစ်ပိုင်းအတွက် ခြေစွမ်းကောင်း ပြသနိုင်ခဲ့တဲ့ နောက်ခံအစွန်လူ အာရွန်ဝမ်ဘစ်ဆာခါကို ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးလို့ ချီးကျူးသွားခဲ့ပါတယ်။

Photo Credit : Football365

ဘစ်ဆာခါဟာ ဒီပွဲစဉ်မှာ ယူနိုက်တက်အတွက် မိနစ်(၁၀၀)နီးပါးအထိ ကစားသွားခဲ့ပြီး ဘရိုက်တန်ရဲ့ အဓိက တိုက်စစ် သွေးကြောဖြစ်တဲ့ မိတိုမာကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့သလို ground duels တွေ အားလုံးမှာလည်း အောင်မြင်နိုင်ခဲ့ပါတယ်။ ဘောလုံး recoveries (၇)ကြိမ် ရယူနိုင်ခဲ့ပြီး dribbles တွေလည်း အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့တဲ့ ဘစ်ဆာခါရဲ့ ဒီပွဲ စွမ်းဆောင်မှုက တကယ့်ကို လက်ဖျားခါလောက်စရာပါ။ ဒါကြောင့် သူရဲ့ performances နဲ့ ပတ်သတ်ပြီး အသင်းပရိသတ်တွေအပြင် ကစားသမားတချို့ကပါ ဘစ်ဆာခါကို ချီးကျူးလာကြပါတယ်။

Photo Credit : Manchester Evening News

“AWB က တစ်ဦးချင်း တွေ့ဆုံမှု ခံစစ်အပိုင်းမှာဆိုရင် မယုံနိုင်စရာကောင်းလောက်အောင်ပါပဲ။ ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ အတန်းတစ်ခုမှာတောင် ပါကောင်းပါနေနိုင်ပါတယ်။ ဒါကြောင့် တောင်ပံ ကစားသမား တော်တော်များများက သူနဲ့ ထိပ်တိုက် ရင်ဆိုင်ရတဲ့ အခါမျိုးတွေမှာ အကြံကုန်သွားရသလို ဖြစ်သွားတတ်ပါတယ်” လို့ မက်ဒီဆင်က ဘစ်ဆာခါကို ချီးကျူးသွားခဲ့ပါတယ်။

ဒါ့အပြင် ဘစ်ဆာခါရဲ့ စီနီယာကြီးဖြစ်သူ ရီယိုဖာဒီနန်ကပါ “ကျွန်တော့်အတွက်တော့ ဘစ်ဆာခါက ထူးချွန်တဲ့ ကစားသမားလို့ ထင်ပါတယ်။ မိတိုမာကလည်း ဒီရာသီမှာ ကျွန်တော် သတိထားမိနေတဲ့သူပါ။ သူက သူနဲ့ ကစားရတဲ့ အသင်းတိုင်းအတွက် ကြီးမားတဲ့ ပြသာနာတွေကို ပေးစွမ်းနိုင်တဲ့သူ။ ဘစ်ဆာခါနဲ့ ရင်ဆိုင်ရတဲ့ ပွဲမှာတော့ ဘစ်ဆာခါက သူ့အတွက် အဟန့်အတား ဖြစ်စေရတယ်။ ဘစ်ဆာခါက ဒီနေ့ပွဲမှာ သူက ထိပ်တန်းအဆင့်ရှိပြီး ပုံစံကောင်း ပြသနေတဲ့ ကစားသမားတွေကို ဘယ်လို ထိန်းချုပ်နိုင်လဲဆိုတာ သက်သေပြသွားခဲ့ပါတယ်” လို့ ချီးမွမ်းသွားခဲ့ပါတယ်။