မန်ချက်စတာယူနိုက်တက်အသင်းက သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် အင်အားဖြည့်တင်းမှုတွေကို လာမယ့်နွေစျေးကွက်အတွင်းမှာပါ ထပ်မံပြုလုပ်သွားဖို့ ဆန္ဒရှိလို့နေပြီး လက်စတာအသင်းရဲ့ကွင်းလယ်လူ ဂျိမ်းစ်မက်ဒီဆန်နဲ့ အက်စတွန်ဗီလာအသင်းရဲ့ ကွင်းလယ်လူ ဂျက်ဂရီးလစ်ရှ်တို့ကို ခေါ်ယူဖို့အတွက် အပြိုင်ပတ်မှတ်ထားလို့နေတယ်လို့ သတင်းတွေ ထွက်ပေါ်လျက်ရှိနေကာ ဒီထဲကမှ ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ်မက်ဒီဆန်က ယူနိုက်တက်အသင်းသားဖြစ်လာဖို့ စိတ်အားထက်သန်နေတယ်လို့ Manchester Evening News ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : FourFourTwo

အသက်၂၃နှစ်အရွှယ် အင်္ဂလန်လက်ရွေးစင်ကစားသမား ဂျိမ်းစ်မက်ဒီဆန်ကို ယူနိုက်တက်အသင်းဘက်ကနေ တစ်ရာသီလုံးနီးပါး ပစ်မှတ်ထားခဲ့ပြီး ဆောင်းရာသီစျေးကွက်တုန်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အဆင်မပြေခဲ့လို့သာ ဘရူနိုဖာနန်ဒက်စ်ကိုပဲ ခေါ်ယူလိုက်ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်က ဖာနန်ဒက်စ်ကို နံပါတ်၁၀နေရာမှာ သုံးဖို့ထက် ကွင်းလယ်ပိုင်းမှာသာ အသုံးပြုသွားဖို့ရှိနေပြီး မက်ဒီဆန်ကိုသာ ကွင်းလယ်တိုက်စစ်မှာ အသုံးပြုချင်တာကြောင့် လာမယ့်နွေမှာ မက်ဒီဆန်ကို ထပ်မံကမ်းလှမ်းဦးမှာဖြစ်သလို မက်ဒီဆန်ရဲ့အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ ဂရီးလစ်ရှ်ကိုပါ ကွင်းလယ်ဘယ်ခြမ်းမှာ အသုံးပြုဖို့ ကမ်းလှမ်းလာဦးမှာဖြစ်ပါတယ်။

Photo Credit : Premier League

ဒီလို ယူနိုက်တက်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ မက်ဒီဆန်က သူအနေနဲ့ ယူနိုက်တက်ဆီကနေ ကမ်းလှမ်းမှုတွေကို စောစာစီးစီး ရခဲ့မယ်ဆိုရင် အသင်းနဲဲ့ ပူးပေါင်းဖြစ်မှာ သေချာတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ကြောင်း မန်ချက်စတာညနေခင်းသတင်း(MEN)ကနေ ဖော်ပြလာခဲ့ပါတယ်။ အသက်၂၃နှစ်အရွွှယ် ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ်မက်ဒီဆန်ဟာ ဒီရာသီမှာ သွင်းဂိုး၉ဂိုးရယူထားခဲ့ပြီး လက်စတာအသင်းကိုလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်အောင် စွမ်းဆောင်နေတာဖြစ်လို့ သူ့ကို ယူနိုက်တက်အပါအဝင် အသင်းကြီးပေါင်းများစွာကနေ အပြိုင်စိတ်ဝင်စားလို့နေကာ အာဆင်နယ်အသင်းကလည်း အိုဇေးရဲ့နေရာအတွက် မက်ဒီဆန်ကို အစားထိုးသွားချင်နေပါတယ်။ ယူနိုက်တက်ကလည်း ပေါ့ဘာကို ရာသီကုန်မှာ လက်လွတ်ရဖို့ သေချာနေပြီး မာတစ် လင်ဂတ်တို့လည်း အသင်းကနေ ထွက်ခွာဖို့ရှိနေတာကြောင့် မက်ဒီဆန် ဂရီးလစ်ရှ်နဲ့ ဆန်ချိုတို့ ၃ဦးလုံးကို လာမယ့်နွေရာသီမှာ ခေါ်ယူသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။