တော့တင်ဟမ် ဟော့စပါးအသင်းနဲ့ AZ အယ်လ်ခမာအသင်းတို့ရဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ် ပါဝင်ခဲ့တဲ့ ဂျိမ်းစ် မက်ဒီဆန်က အသင်းဖော် လူငယ် တောင်ပံကစားသမားလေး မိုက်ကီမိုးရဲ့ ခြေစွမ်းတွေနဲ့ ပတ်သက်ပြီး ဘရာဇီးလ် စူပါစတား ကစားသမားကြီး နေမာနဲ့ပါ ခိုင်းနှိုင်း ပြောဆိုသွားခဲ့ပါတယ်။

အသက် (၁၇)နှစ်အရွယ်သာ ရှိသေးတဲ့ ဆယ်ကျော်သက် အင်္ဂလန် တောင်ပံကစားသမားလေး မိုက်ကယ်မိုးဟာ စပါးလူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး လူငယ်အသင်းတွေမှာ အတော်လေး ခြေစွမ်းပြနိုင်ခဲ့သူဖြစ်လို့ ဒီနှစ်မှာပဲ စပါး စီနီယာအသင်းကြီးအတွက် ပွဲထွက်ခွင့် စတင် ရရှိထားခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit : TEAMtalk

ဘယ်တောင်ပံ ကစားသမားလေး မိုက်ကီမိုးဟာ ပြီးခဲ့တဲ့ ရာသီကတည်းက စပါးအသင်းအတွက် စတင် ပါဝင်ခွင့် ရခဲ့ပေမယ့် ဒီရာသီမှသာ ပွဲချိန် အများစု ပါဝင်ကစားခဲ့ရတာဖြစ်ပြီး မနေ့ညက နယ်သာလန်ကလပ် အယ်လ်ခမာနဲ့ ပွဲစဉ်မှာဆိုရင်လည်း သူရဲ့ ခြေစွမ်းကောင်းတွေကို ပြသသွားနိုင်ခဲ့ပါတယ်။

ပထမပိုင်း ပွဲချိန်တုန်းက ညာတောင်ပံမှာ ကစားခဲ့တဲ့ မိုက်ကီမိုးဟာ ဒုတိယပိုင်းမှာတော့ ဘယ်တောင်ပံဆီ ပြောင်းလဲ ကစားခဲ့ရင်းနဲ့ အံ့အားသင့်စရာကောင်းတဲ့ စွမ်းဆောင်ရည်တွေကိုပါ ပြသသွားနိုင်ခဲ့လို့ အသင်းဖော် ဂျိမ်းစ် မက်ဒီဆန်ကပါ မိုက်ကီမိုးကို နေမာနဲ့ပင် ခိုင်းနှိုင်း ပြောဆိုလာခဲ့ပါတော့တယ်။

Photo Credit : Evening Standard

“ဒုတိယပိုင်း ပွဲကစားချိန် (၄၅)မိနစ်ကနေ (၆၅)မိနစ်လောက်အထိ မိနစ်(၂၀)ဝန်းကျင်လောက်မှာ ကျွန်တော်တို့အသင်းရဲ့ ဘယ်ခြမ်းတိုက်စစ်မှာ နေမာ ဝင်ဆော့နေသလားလို့တောင် ထင်မိခဲ့ရပါသေးတယ်။” လို့ ဂျိမ်းသ် မက်ဒီဆန်က မိုက်ကီမိုး စွမ်းဆောင်ရည်တွေအပေါ် အခုလို ပြောဆို ချီးမွှမ်းသွားခဲ့ပါတယ်။

ဒီပွဲမှာ စပါးအသင်းက ဒဏ်ရာကနေ သက်သာလာပြီး ဒီရာသီမှာ ဒီပွဲမှ ပွဲထွက်ကစားသမားအဖြစ် ပထမဆုံးအကြိမ် ပါဝင်လာခဲ့ရတဲ့ တိုက်စစ်မှူး ရစ်ချာလီဆန်ရဲ့ ပင်နယ်တီဂိုးနဲ့ နိုင်ပွဲ ရရှိခဲ့တာဖြစ်ကာ ဒီရာသီရဲ့ ယူရိုပါလိဂ် (၃)ပွဲလုံး ရာနှုန်းပြည့်နိုင်ပွဲ ရရှိခဲ့ရပါတယ်။